သုံးရလွယ်ကူစေသည့် Link များ

တိုင်းရင်းသား ၄ဖွဲ့ ငြိမ်းချမ်းရေး ကတိ လက်မှတ်ထိုး


RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် ကတိကဝတ်ရေးထိုး။ သတင်းဓာတ်ပုံ- ဦးညိုအုန်းမြင့် (MPC)
RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် ကတိကဝတ်ရေးထိုး။ သတင်းဓာတ်ပုံ- ဦးညိုအုန်းမြင့် (MPC)

ဒီကနေ့မှာ ကျရောက်ခဲ့တဲ့ ပြည်ထောင်စုနေ့မှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဝင်တွေ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံမှုမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုချက်ကို လက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ကနေ သဘောတူ လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ကျန်ရှိတဲ့ အဖွဲ့တွေက လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီတွေ့ဆုံပွဲ မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စရပ်နဲ့ ပက်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီအဖွဲ့တွေ အနေနဲ့ အမြင်တူညီမှု ရှိတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေကပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေနဲ့တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့- သတင်းဓာတ်ပုံ- ဦးညိုအုန်းမြင့် MPC
ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေနဲ့တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့- သတင်းဓာတ်ပုံ- ဦးညိုအုန်းမြင့် MPC

သမ္မတကြီး ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ပြည်ထောင်စုနေ့ ညစာစားပွဲ နဲ့ တွေ့ဆုံပွဲကို နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်တွေ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ နိုင်ငံရေးပါတီခေါင်းဆောင်တွေကနေ ဒီကနေ့ နေပြည်တော် ဇမ္ဗူသီရိ ဟိုတယ်မှာတွေ့ဆုံဆွေးနွေးခဲ့ရာမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိ ကဝတ်ပြုချက်ကို လက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ကနေ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ဒီကေဘီအေ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောမောင်လေးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော်တို့ တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကို နည်းနည်းလေး ဖိအား၊ တွန်းအားပေးတဲ့ သဘောဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုမှုဆိုတဲ့ လက်မှတ်ထိုးတဲ့ စာလေးတစ်စောင်တော့ ထိုးနိုင်တာပေါ့ဗျာ။ အဲ့ဒီ့ဟာနဲ့ပတ်သက်လို့ ကျနော်တို့ တိုင်းရင်းသား အဖွဲ့တွေထဲမှာ ကျနော်တို့ တက်တဲ့အဖွဲ့ ၁၃ဖွဲ့ရှိတယ်ဗျ။ ၁၃ဖွဲ့ထဲမှာတော့ ၄ဖွဲ့ပေါ့လေ။ ကျနော်တို့ DKBA အပါအဝင် KNU ရယ် KNLAPC ရယ် နောက် SSA တောင်ပိုင်းပေါ့ ဗိုလ်ချုပ် ယွက်ဆစ်တို့အဖွဲ့ လေးဖွဲ့ပေါ့ အဲ့ဒီ့ ကတိကဝတ်ပြုမှု လက်မှတ်ကို ထိုးဖြစ်တယ်ဗျ။ ငြိမ်းချမ်းရေး ရဖို့ရယ်၊ ပြီးတော့ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းချင်တဲ့ ကိစ္စပေါ့ဗျာ။"

အချက်၆ချက် ပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်တွေထဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCAကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး အတွက် ပူးပေါင်းလုပ်ဆောင်ဖို့အချက်လည်း ပါဝင်နေပါတယ်။ ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုချက်ကို ဒီကေဘီအေအဖွဲ့ရယ် KNUခေါ် ကရင် အမျိုးသား အစည်းအရုံး ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA(PC)အဖွဲ့ရယ် တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့ပြီး ကျန်တဲ့ အဖွဲ့တွေ လက်မှတ်ရေး ထိုးနိုင်ခြင်း မရှိပါဘူး။

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာကတိကဝတ်ပြုချက်ဟာ ဥပဒေကြောင်းအရာအရ စာချုပ်ပုံစံ မဟုတ်ဘဲ ငြိမ်းချမ်းရေး ခရီးရောက်အောင် ဆက်သွားမယ့် ဆန္ဒပြုမှုလို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအရာရှိ ဦးလှမောင်ရွှေကပြောပါတယ်။

" အဓိက ကတော့ စာချုပ်မဟုတ်တဲ့အတွက် ကျနော် နားလည်သလောက်တော့ ဥပဒေသဘောအရဆိုရင် ဒါ ငြိမ်းချမ်းရေးကို ရောက်အောင် ဆက်သွားကြမယ်ဆိုတဲ့ ဆန္ဒပြမှု၊ ကတိကဝတ်ပြုချက်ပါပဲ။ အဲ့တော့ အဲ့ဒီ့ကတိကဝတ်ပြုချက်ကို ကျနော်တို့ ဆွေးနွေးကြပါတယ်။ ထိုးနိုင်တဲ့အဖွဲ့တွေလည်းရှိတယ်။ မထိုးနိုင်တဲ့အဖွဲ့တွေလည်း ရှိတယ်။ အဲ့ ကျနော်တို့ထူးခြားချက်ကတော့ ဒီကနေ့ ကတိကဝတ်ပြုတဲ့ အတော်များများ တက်ရောက်သူတွေ နားလည်တာကတော့ ဒီလက်မှတ်ရေးထိုးတဲ့သူတွေက သူတို့ကိုယ်သူတို့လည်း ကတိကဝတ်ပြုတယ်။ "

ဒီကနေ့ တွေ့ဆုံပွဲမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်နဲ့ ပက်သက်ပြီး ဆွေး နွေးချက်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစိုးရအဖွဲ့ နိုင်ငံရေးပါတီအဖွဲ့တွေအနေနဲ့ အမြင်တူညီမှုရှိတယ်လို့ PNLOခေါ် ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက အခုလိုပြောပါတယ်။

" တွေ့ဆုံမှုအခြေအနေမှာတော့ ကျနော်တို့တွေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ရင် အစိုးရဘက်မှာရော ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါတီတွေရော အားလုံးမှာ တူညီတဲ့ သဘောထားက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ သဘောထားအမြင်မှာ အားလုံး အတူတူရှိပါတယ်။ ဒါကို ကျနော်တို့ တွေ့ရတယ်။ နောက်တခုက ငြိမ်းချမ်းရေးကိုလည်း အလျှင်အမြန် ရရှိအောင် ကြိုးပမ်းကြမယ်ဆိုတဲ့ သဘောထား ဒါကိုလည်း တကယ့် ရင်ထဲကနေ ပြောကြတယ်လို့ ကျနော်မြင်ရပါတယ်။ သို့သော် စာချုပ်စာတမ်း လက်မှတ် မရေးထိုးနိုင်တဲ့ အခြေအနေတွေက အပြန်အလှန်အားဖြင့် နားလည်မှု ရှိကြတယ်လို့ ကျနော် အဲ့တာမြင်ပါတယ်။ အဲ့တော့ ဒီနေ့ပွဲဟာ ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက်ကို အကျေအလည် ညှိနှိုင်းဆွေးနွေးကြတယ်။ အပြန်အလှန်အားဖြင့်က ပွင့်ပွင့်လင်းလင်းပဲ ပြောကြဆိုကြနိုင်တဲ့ ပထမဆုံးအကြိမ်အဖြစ် ကျနော် ရှု့မြင်မိပါတယ်။"

PNLO အနေနဲ့ အဖွဲ့အတွင်း ညှိနှိုင်း ဆွေးနွေးထားတာ မရှိသေးတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုချက်ကို လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးဘူးလို့လည်း ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောပါတယ်။

ဒီကနေ့တွေ့ဆုံမှုမှာ နိုင်ငံတော်သမ္မတအပါအဝင်အစိုးရအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပထမပိုင်းမှာ တွေ့ဆုံခဲ့ပြီး ဒုတိယပိုင်းမှာ နိုင်ငံတော် သမ္မတ ဒုတိယသမ္မတ လွှတ်တော်ဥက္ကဌတွေ တပ်မတော်ကိုယ်စားပြုကိုယ်စား လှယ်တွေ အစိုးရအဖွဲ့ဝန်ကြီးတွေ တိုင်ရင်းသားရေးရာဝန်ကြီးတွေ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ လက်နက်ကိုင် အဖွဲ့(၁၃)ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဖိတ်ကြားထားတဲ့ လက်နက်ကိုင်(၁၆)ဖွဲ့အနက်က ကချင်လွတ်လပ်ရေးအဖွဲ့KIO၊ တအာင်း ပလောင်လွတ်မြောက်ရေး တပ်မတော်TNLA၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့တို့က အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခြင်း မရှိပါဘူး။

ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်နိုင်ခြင်းမရှိတဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIO နဲ့ ပလောင်တပ်ဖွဲ့ TNLA တို့ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCTနဲ့အတူ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ဒီကနေ့မှာ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG