သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ သတင်းထောက်လေးဦး အဖမ်းခံရ


မကွေးတိုင်း၊ ပေါက်မြို့က စက်ရုံတစ်ခုအကြောင်းရေးထားတဲ့ ဆောင်းပါးဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က အမူဆောင်အယ်ဒီတာချုပ်အပါအဝင် သတင်းထောက် ၄ ဦးကို စစ်ဆေးမေးမြန်းဖို့ အတွက်လို့ ပြောပြီး အာဏာပိုင်တွေက ခေါ်ယူထိန်းသိမ်းထားပါတယ်။ နယ်သတင်းထောက် တစ်ဦးကိုတော့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ (၃ / ၁ က - ၉) နဲ့ တရားစွဲဆိုထားပြီး ပခုက္ကူထောင်ကို ပို့လိုက်ပါတယ်။ သူတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် စုံစမ်းစစ်ဆေးနေတာ ဖြစ်တယ်လို့လည်း တာဝန်ရှိပုဂ္ဂိုလ်တယောက်က VOA ကို ပြောပါတယ်။

အပြည့်အစုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ (၂၅) ရက်နေ့ထုတ် ယူနတီဂျာနယ်မှာ ဖော်ပြထားတဲ့ မကွေးတိုင်း၊ ပေါက်မြို့က စက်ရုံတစ်ခုကို လျှို့ဝှက်ဓာတုစက်ရုံလို့ ယူဆရတဲ့ အကြောင်းနဲ့ စက်ရုံဓာတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြမိပြီးနောက်ပိုင်းမှာ ယူနတီဂျာနယ်က အမှုဆောင် အယ်ဒီတာချုပ်နဲ့ သတင်းထောက် (၄) ဦးကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမယ်ဆိုပြီး ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ နယ်သတင်းထောက် ကိုလူမော်နိုင်ကိုတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ညက ဖမ်းဆီးပြီး နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃/၁ (က) နဲ့ စွဲဆိုထားပြီး ပခုက္ကူထောင်ကို ပို့လိုက်တဲ့အကြောင်း ဇနီးဖြစ်သူ မလွင်လွင်မြင့်က ပြောပါတယ်။
“မြို့နယ်မှူးက စကားနည်းနည်း မေးစရာရှိလို့ ပေါ့လေ၊ လိုက်ခဲ့ပါလို့ အဲလိုမျိုးပြောတာ။ သူက လိုက်သွားပြီးတော့ စစ်ချက်ယူတာပေါ့လေ။ စစ်ချက် ယူပြီးတော့ ကိုလူမော်က စက်ရုံထဲကသတင်းတွေ ဘာမှမသိဘူး၊ သူယူတာလည်းမဟုတ်ဘူး၊ ဓာတ်ပုံရိုက်တာလည်း မဟုတ်ဘူးဆိုတဲ့အကြောင်း စစ်ချက်ထွက်ခဲ့ပါတယ်။ မနေ့ညကလေ- ကျနော့်ကို အာမခံနဲ့လွှတ်ပေးလို့ ရလား-ဆိုတော့ မရဘူး-တဲ့။ အထက်က ဘာမှ မပြောသေးဘူးပေါ့နော်။ နေပြည်တော်က ဒုရဲမှူးကြီးဆင်းလာမှ-တဲ့။ ကျမကို ပြောတယ် ကိုမော်က။ ဘာပြောလဲဆိုတော့ တရားသူကြီး ဒေါ်စန်းသီတာအောင်က လာပြီးတော့-တဲ့၊ သူ့ကို ၃/၁ (က) နဲ့ ပုဒ်မတပ်တယ်-တဲ့။ အဲဒါနဲ့ ကျမ အပြန်ကျတော့ ဒေါ်စန်းသီတာအောင်ဆီကို ဝင်တယ်ပေါ့လေ၊ ဝင်တော့ မေးတဲ့အခါကျတော့၊ - ဟုတ်တယ်၊ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ပုဒ်မတပ်တယ်ပေါ့။ အမှုမှန်ပေါ်အောင် သူတို့လုပ်မယ်ပေါ့လေ။ စုံစမ်းမယ်။”
ဖေဖော်ဝါရီလ (၁) ရက်နေ့မှာတော့ ယူနတီဂျာနယ်ရဲ့ အမှုဆောင် အယ်ဒီတာချုပ် ကိုတင့်ဆန်းနဲ့ သတင်းထောက် (၃) ဦးကို လာရောက် ခေါ်ဆောင် သွားကြောင်း ကိုတင့်ဆန်းရဲ့ မိသားစုဝင်လည်းဖြစ်၊ ဂျာနယ်တိုက်က ရုံးလုပ်ငန်းပိုင်းဆိုင်ရာ တာဝန်ရှိသူလည်းဖြစ်တဲ့ ကိုအောင်ဝင်းထွန်းက အခုလို ပြောပါတယ်။
“ယူနတီဂျာနယ်က ပထမဦးဆုံး ခေါ်တာမှာ CEO ကို အရင်ခေါ်သွားတာပေါ့။ ဦးတင့်ဆန်းကို ခေါ်သွားပါတယ်။ ဦးတင့်ဆန်းကို ခေါ်တဲ့အခါမှာ သူတို့ ကားသမားနဲ့ဆို အားလုံးလေးယောက်ပေါ့။ သူတို့လာခေါ်တာလေ၊ CEO ခေါ်သွားပြီးတော့ နောက် ညနေ သုံးနာရီခွဲလောက်မှာ သတင်းထောက် (၃) ယောက်၊ ဟန်သက်ကျော်ရယ်၊ ရာဇာဦးရယ်၊ စည်သူစိုးရယ်၊ အဲဒီညီလေး သုံးယောက်ကို လာခေါ်သွားတယ်။ လာခေါ်တာကတော့ ဒုရဲအုပ်လို့ ပြောပါတယ်ခင်ဗျာ။ သူ့နာမည်က ညီညီသန်း၊ ဘာကြောင့်လဲဆိုတော့ - ပြီးခဲ့တဲ့အပတ်က အမှတ်စဉ် (၃) – (၄) မှာ ပါတဲ့ သတင်းကိစ္စနဲ့ပတ်သက်ပြီး မေးစရာလေးတွေ ရှိလို့ပေါ့လေ၊ လျှို့ဝှက်ဓာတု ဆိုတာလေ၊ Volume(၃)၊ နံပါတ် (4) မှာပေါ့၊ အဲဒီမှာ လျှို့ဝှက်ဓာတု ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒါ ဖြစ်ဖို့များပါတယ်။ ဓာတုလက်နက်စက်ရုံ ဆိုတာလေ၊ အဲဒီခေါင်းစဉ် ဖြစ်ဖို့ များတယ်ခင်ဗျ။ ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာချုပ်နဲ့ တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ-ဆိုပြီးတော့လေ အဲဒီခေါင်းစဉ်နဲ့၊ အဲဒါ ဖြစ်ဖို့များတယ်ခင်ဗျ။ အဲဒီအတွက်ပဲ လာစုံစမ်းတယ်လို့ ထင်ပါတယ်။”
ယူနတီဂျာနယ်က အမှုဆောင် အယ်ဒီတာချုပ်အပါအဝင် သတင်းထောက်တွေကို ဖမ်းဆီးစစ်ဆေးတာနဲ့ ပတ်သက်လို့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် ခေါ်ယူစုံစမ်း စစ်ဆေးနေတာ ဖြစ်တယ်လို့လည်း အစိုးရတာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးကတော့ ကာကွယ်ရေးဌာနနဲ့သာ သက်ဆိုင်တယ်ဆိုပြီး အခုလို ပြောပါတယ်။
“Case က ကာကွယ်ရေး case ဗျ။ တပ်မတော်ရဲ့ case ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ အဲဒီဟာကိုပဲ ပြည်ထဲရေးတို့၊ တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ လူတွေကို မေးလိုက်ဗျာ နော်။”
ဂျာနယ်ထွက်ပြီးတဲ့နောက် တပြည်လုံးက ဖြန့်ချိရေးတွေမှာ ရောက်နေတဲ့ ဂျာနယ်တွေကို အာဏာပိုင်တွေက လိုက်လံသိမ်းဆည်း နေပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နဲ့ (၁၂) မိုင်ကျော်ဝေးတဲ့ လယ်ဧက (၃၃,၀၀၀) ကျော်မှာ ဆောက်လုပ်ထားတဲ့ စက်ရုံကြီးနဲ့ ပတ်သက်လို့ မြေသိမ်းခံထားရတဲ့လယ်သမားတွေရဲ့ နစ်နာမှုတွေကို သတင်းထောက်တွေက မေးမြန်းရင်းနဲ့ အခုလိုမျိုး ထိန်းသိမ်းခံရတာလို့ နယ်သတင်းထောက် ကိုလူမော်နိုင်ရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။
လက်ရှိမှာတော့ ရန်ကုန်က ခေါ်ဆောင်သွားတဲ့ အမှုဆောင် အယ်ဒီတာချုပ်ကိုတင့်ဆန်းနဲ့ သတင်းထောက် (၃) ယောက်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာကို မသိရသေးကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ မကြာသေးခင်လတုန်းကပဲ သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းယူခွင့်ရှိဖို့ သတင်းသမားတွေက ဆန္ဒပြခဲ့ကြပါတယ်။
XS
SM
MD
LG