သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်အကြမ်းဖက်မှု ဆန့်ကျင်ပွဲ လူ ၄ သန်းကျော်ချီတက်


လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက ပါဝင်တဲ့ လူပေါင်း ၄ သန်းနီးပါးဟာ တနင်္ဂနွေနေ့က ပဲရစ်စ်မြို့တော်နဲ့ တခြားပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေက လမ်းမတွေပေါ်ထွက်ပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရသူ ၁၇ ဦးနဲ့အတူ စည်းလုံးညီညွတ်စွာရှိကြောင်း ထုတ်ဖေါ်ပြသခဲ့ကြပါတယ်။

ဒါဟာ ပြင်သစ်နိုင်ငံသမိုင်းမှာ အကြီးမားဆုံးလမ်းပေါ်ထွက် လူထုဆန္ဒထုတ်ဖေါ်ပြသပွဲ ဖြစ်တယ်လို့ ပြင်သစ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ပဲရစ်မြို့ဟာ ပွဲတော်ကာလကြီးတခုလို ဖြစ်နေပါတယ်။ တချို့ ငိုကြွေးသူတွေရှိသလိုတချို့ကလည်း ကခုန်နေကြပါတယ်။ ဒါပေမယ့် ဂျူး၊ မွတ်ဆလင်၊ ကက်သလစ်အားလုံးဟာ ပြင်သစ်နိုင်ငံသားဖြစ်ရတဲ့အတွက် ဂုဏ်ယူကြောင်း ပြသနေကြပါတယ်။

နိုင်ငံပေါင်း ၄၀ ကျော်က နိုင်ငံခေါင်းဆောင် အကြီးအကဲတွေဟာ ပြင်သစ်သမ္မတ Francois Hollande နဲ့အတူ လက်ချင်းချိတ်ဆက်ပြီး ပဲရစ်မြို့တလျှောက် လမ်းလျှောက်ခဲ့ကြပါတယ်။

ဒီခေါင်းဆောင်တွေထဲမှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu, ပါလစ္စတိုင်း သမ္မတ Mahmoud Abbas ၊ ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavorv တို့ ပါဝင်ပါတယ်။

နောက်ပိုင်းမှာ အစ္စရေးဝန်ကြီးချုပ်က အမှာစကားပြောဆိုရာမှာ အကြမ်းဖက်မှု ဆန့်ကျင်ရေးနဲ့ ဂျူးမျိုးနွယ်တွေအပေါ် ဆန့်ကျင်မှုကို လက်မခံတဲ့ စကားတွေ ထုတ်ဖေါ်ပြောကြားခဲ့တဲ့အတွက် မွတ်ဆလင်ဘာသာဝင်တွေအပါအဝင် ပြင်သစ်နိုင်ငံသားတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုသွားပါတယ်။

ဗုဒ္ဓဟူးနေ့က ပဲရစ်မြို့မှာရှိတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက်ကို အကြမ်းဖက်တိုက်ခိုက်ရာမှာ လူ ၁၂ ဦး သေဆုံးခဲ့ပြီး တခြားသူတွေကတော့ သောကြာနေ့ ဆူပါမားကက်တခုကို အကြမ်းဖက်သိမ်းပိုက်ထားတဲ့ သေနတ်သမားတဦးရဲ့လက်ချက်နဲ့ သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

XS
SM
MD
LG