သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေပြင်ဆင်မှု ဥပဒေကြမ်း လွှတ်တော်တင်ဖို့ အသင့်


ကျောင်းသား၊ လွှတ်တော်၊ အစိုးရနဲ့ NNER လေးပွင့်ဆိုင် ဆွေးနွေးပွဲ (ဓာတ်ပုံ-NNER fb)
ကျောင်းသား၊ လွှတ်တော်၊ အစိုးရနဲ့ NNER လေးပွင့်ဆိုင် ဆွေးနွေးပွဲ (ဓာတ်ပုံ-NNER fb)

အစိုးရ၊ လွှတ်တော်၊ NNER ကိုယ်စားလှယ်တွေနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်သဘောတူညီချက်နဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ဒီကနေ့မှာ အပြီးသတ်ရေးသားပြုစုပြီးဖြစ်လို့ မနက်ဖြန်မှာ လွှတ်တော်ကို တင်သွင်းတော့မှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဒီကနေ့ ရန်ကုန်မြို့မှာ ပညာရေးဥပဒေပြန်လည်ပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားတွေကို ထောက်ခံတဲ့ ရန်ကုန်ကျောင်းသားတွေဦးဆောင်တဲ့ လူထု လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ ပင်မစစ်ကြောင်းကတော့ ရန်ကုန်ကို ဆက်လက် ဦးတည်ချီတက်လာနေပြီဖြစ်ပါတယ်။ နောက်ဆုံးရအခြေအနေတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

သမ္မတ လက်မှတ်ရေးထိုးအတည်ပြုပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေပြန်လည်ပြင်ဆင်ရေး ဖေဖော်ဝါရီလ ၁၄ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်မှာ အစိုးရကိုယ်စားလှယ်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NNER ပညာေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီက ကျောင်းသားကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး NNER ရဲ့ ပညာရေးမူကြမ်းကို လွှတ်တော်ကို တင်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာတော့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည်မှာ ကျောင်းသားကိုယ်စားလှယ်တွေ၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ NNER က ကိုယ်စားလှယ်တွေ ထပ်မံတွေ့ဆုံပြီး ပညာရေးမူကြမ်းကို အချောသတ်ပြုစုနိုင်ခဲ့လို့ ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနကတဆင့် လွှတ်တော်ကို တင်သွင်းနိုင်တော့မှာ ဖြစ်တယ်လို့ အစည်းအဝေးကို ကျောင်းသားကိုယ်စားပြုတက်ရောက်ခဲ့တဲ့ ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

“သဘောတူညီချက်ထုတ်ပြန်ပြီးတော့ ဥပဒေအပိုင်းမှာ ဆက်ပြီးတော့ ထုတ်ပြန်မယ့်အပိုင်းတွေကို အဆင့်မြင့်ပညာဦးစီးဌာနအောက်မြန်မာပြည်ရုံးမှာ မပြီးသေးတဲ့ ဥပဒေကြမ်းကို ဆက်ဆွဲလိုက်တယ်။ ပြီးတာနဲ့ ပညာရေးဝန်ကြီးဌာလက်ထဲကို အပ်ခဲ့လိုက်တယ်။ ကျောင်းသားကိုယ်စားလှယ်ထဲက ကျနော်နဲ့ ကိုအောင်နေပိုင်နဲ့ နှစ်ယောက်ပါတယ်။ NNER ဘက်ကတော့ ဆယ်ယောက်လောက်လာတယ်။ အစိုးရဘက်ကတော့ ညွှန်ချုပ်တွေလည်းလာတယ်။ ဥပဒေပညာရှင်တွေလည်းပါတယ်၊ ရှေ့နေချုပ်ရုံးကလည်း ဥပဒေပညာရှင်တယောက်ပါတယ်။ ကတိပေးသွားတာကတော့ မနက်ဖြန် ၁၆ ရက်နေ့ လွှတ်တော်ပြန်စတဲ့အချိန်မှာ တင်မယ်လို့ ကတိပေးတယ်။”

တချိန်တည်းမှာပဲ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးတောင်းဆိုနေတဲ့ ကျောင်းသားသပိတ်တွေကို ထောက်ခံကြောင်း ရန်ကုန်က တက္ကသိုလ် ကျောင်းသားတွေက ဦးဆောင်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေပါဝင်တဲ့ ဒုတိယအကြိမ်မြောက် လူထုလှုပ်ရှားမှုတရပ် ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ တားဆီးမှုတချို့ရှိခဲ့ပေမဲ့ လမ်းတလျောက် ရန်ကုန်နေပြည်သူတွေကို ဘာကြောင့် သပိတ်မှောက် ကျောင်းသားတွေကို ထောက်ခံရပါသလဲ။ ကျောင်းသားတွေတောင်းဆိုနေတဲ့အချက်တွေက ဘာတွေလဲဆိုတာကို ဦးဆောင် ကျောင်းသားတွေက ရှင်းပြခဲ့တယ်လို့ ဦးဆောင်သူ တဦးဖြစ်တဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကိုလင်းထက်နိုင်က ပြောပါတယ်။

“မနက် ၁၁ က သမိုင်းလမ်းဆုံကစတယ်။ လှည်းတန်းကနေ မြေနီကုန်းအားကစားကွင်းဘေးမှာပဲ ရန်ကုန်မှာ အကြောင်းအမျိုးမျိုးကြောင့် သပိတ် စစ်ကြောင်းတွေကို သွားရောက်ပူးပေါင်းနိုင်ခြင်းမရှိသေးတဲ့ကျောင်းသားတွေပေါ့- အထူးသဖြင့်တော့ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂတွေ၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ကျောင်းသားသမဂ္ဂတွေ ပါတယ်။ နောက် အရပ်ဖက်အဖွဲ့အစည်းတွေပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများက ဒါကို ထောက်ခံတယ်ဆိုပြီးတော့ ပါတယ်။ လမ်းတလျှောက်လူထုကလည်း အကုန်လိုက်ပါလာတယ်။ သပိတ် ဘာကြောင့် ဆက်သွားနေတဲ့အကြောင်းကို ရှင်းပြတယ်။ ကျောင်းသားတွေတောင်းဆိုနေတဲ့လိုချင်တာတွေဟာ အခုအချိန်အထိ အာမခံမှု တစုံတရာမရသေးဘူးဆိုတာကို ကျနော်တို့ တိတိကျကျ ရှင်းပြတယ်။ အထူးသဖြင့် လွှတ်တော်က အတည်ပြုဖို့ လိုသေးတယ်ဆိုတဲ့အကြောင်းရယ်၊ သမ္မတလက်မှတ်ထိုးဖို့ လိုသေးတယ်ဆိုတဲ့အကြောင်းရယ်၊ အဲဒါတွေကို ကျနော်တို့က ရှင်းပြတယ်။ တခါ အစိုးရဘက်က ကြေညာချက်ထုတ်ပြီးတော့ ရန်ကုန်ကို အဝင်မခံဘူး၊ ဥပဒေအရ အရေးယူမယ်- စသည်ဖြင့် ပြောတဲ့အခါမှာ ရန်ကုန်လူထုရဲ့အသံကို ကျနော်တို့ယူတယ်။ ရန်ကုန်ကို ရောက်စေချင်လား၊ ထောက်ခံလား၊ ဒီဥစ္စာကိုယူတယ်။ နောက် ရန်ကုန်ကို မလာစေချင်ဘူးဆိုတာဟာ ရန်ကုန် ပြည်သူလူထုက မလာစေချင်တာမဟုတ်ကြောင်းကို လူထုနဲ့အတူတူ လုပ်တယ်။”

အခုဆိုရင်တော့ ဇန်နဝါရီလ ၂၀ ရက်နေ့က မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက်လမ်းလျှောက်လာနေကြတဲ့ ပင်မ ကျောင်းသားသပိတ် စစ်ကြောင်းက ပဲခူးတိုင်းထဲ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ရန်ကုန်ဝင်ရင် ဥပဒေအရအရေးယူမယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားပေမဲ့ ကျောင်းသားထုဘက်ကတော့ အခုချိန်အထိ ရန်ကုန်ရောက်အောင်ချီတက်နေကြဆဲဖြစ်တယ်လို့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကိုယ်စားလှယ်လည်းဖြစ် ကျောင်းသားသပိတ် ဦးဆောင်သူတစ်ဦးလည်းဖြစ် ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

“ကျနော်တို့ မနေ့ကဆွေးနွေးပွဲမတိုင်ခင်မှာ ပင်မစစ်ကြောင်းက သဘောထားကြေညာချက်တခု ထုတ်ထားတာရှိတယ်လေ။ သူတို့က တောင်းဆိုချက် ရခဲ့သည်ဖြစ်စေ၊ မရခဲ့သည်ဖြစ်စေ ရန်ကုန်ကိုဝင်မယ်လို့ ကြေညာချက်ထဲမှာ ထုတ်ထားတယ်။ တောင်းဆိုချက်မရခင်အချိန်ဆိုလို့ရှိရင် ရန်ကုန်ကို သပိတ်တိုက်ပွဲပုံစံမျိုး သူတို့ဝင်ကြမယ်။ တောင်းဆိုချက်ရခဲ့ပြီဆိုရင်တော့ Celebration ပုံစံနဲ့ပဲ ဝင်မှာပေါ့။ မဖြစ်မနေတော့ ရန်ကုန်ကိုဝင်မယ်လို့ သူတို့ ကြေညာချက်ထုတ်ထားတာရှိတယ်။ ဒါကတော့ ရှိနေတဲ့အနေအထား ဖြစ်နေတုန်းကပေါ့ဗျာ၊ မနေ့က ဆွေးနွေးပွဲအနေအထား ရလာတဲ့အကြိုရလဒ်တွေ ရှိတဲ့အခါကျတော့ ပြန်တိုင်ပင်ရအုံးမှာလေးတွေ ရှိသေးတယ်။ မထုတ်ပြန်သေးဘူး၊ ဟုတ်တယ်၊ ဘာလို့လဲဆိုတော့ ရန်ကုန်မှာ ဆွေးနွေးပွဲလာတဲ့သူတွေက စစ်ကြောင်းကို ပြန်မရောက်ကြသေးဘူး၊ ဒီနေ့အထိ အစည်းအဝေးတွေရှိနေတဲ့အခါကျတော့ မပြန်နိုင်သေးဘူး။”

ပင်မကျောင်းသားသပိတ်မှောက်စစ်ကြောင်းကို ထောက်ခံတဲ့ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်စတဲ့ တိုင်းနဲ့ပြည်နယ်တွေက ချီတက်လာတဲ့ အရန် ကျောင်းသား သပိတ် စစ်ကြောင်းတွေကလည်း ပင်မစစ်ကြောင်းနဲ့အတူ ရန်ကုန်အထိ ဆက်လက်ချီတက်ကြဖို့ အခုလောလောဆယ်မှာ ဆန္ဒတူညီနေကြပြီး လေးပွင့်ဆိုင် ဆွေးနွေးမှုရဲ့ ရလာဒ်အဖြေအပေါ်မူတည်ပြီး စည်းဝေးဆုံးဖြတ်ကြမှာဖြစ်တယ်လို့ သပိတ်မှောက် ကျောင်းသားတွေကပြောပါတယ်။

XS
SM
MD
LG