သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး မူအားဖြင့် နှစ်ဘက် သဘောတူ


(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
(ဓာတ်ပုံ - ကိုစည်သူ - ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)

အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေး မနေ့က ကျင်းပတဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျောင်းသားတွေ တောင်းဆိုတဲ့အချက်တွေကို အစိုးရနဲ့ လွှတ်တော်ဘက်က လိုက်လျော သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ အဲ့ဒီမှာ ကိုယ်တိုင် သတင်းယူနေတဲ့ ကိုစည်သူ က သတင်းပေးပို့ထားပါတယ်။

အစိုးရ၊ လွှတ်တော်၊ NNER မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်နဲ့ ဒီမိုကရေစီ ပညာရေး သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ်တို့ လေးပွင့်ဆိုင် ဆွေးနွေးခဲ့ကြတဲ့ ကျောင်းသားတွေဘက်က တောင်းဆိုတဲ့ အချက် ၁၁ ကို သဘောတူခဲ့ကြတာပါ။ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဥပဒေကြမ်း အသစ်အတွက် လိုအပ်ချက်တွေကို ဆက်လက် ဆွေးနွေးသွားကြမှာပါ။

ဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့တဲ့ သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ဆွေးနွေးပွဲ အောင်မြင်မှုအပေါ် အခုလို ပြောပါတယ်။

“ပြောမယ်ဆိုရင်တော့ ဒါ ဒီနေ့ ဆွေးနွေးပွဲဟာ ရာနှုန်းပြည့် အောင်မြင်တယ်လို့ပဲ ပြောလိုပါတယ်။ ဒီလို အောင်မြင်တာကလည်းပဲ ကျနော်တို့အားလုံးရဲ့ ရင်ထဲမှာရှိနေတဲ့ မိမိရဲ့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းပြည်ကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်ဖို့ကို ရည်မှန်းပြီးတော့မှ ကျနော်တို့ ဆွေးနွေးတိုင်ပင်ကြပါတယ်။ ယခင်ဖြစ်စဉ်တွေကိုလည်း ကျနော်တို့ ပြန်လည် သင်ခန်းစာယူပြီးတော့ ဆွေးနွေးကြပါတယ်။”

ကျောင်းသားတွေဖက်က တောင်းဆိုတဲ့ အချက် (၁၁) အထဲ သမဂ္ဂများ တရားဝင် အသိအမှတ်ပြုရေး၊ မသန်စွမ်းကလေးများအတွက် လူတိုင်းအကျုံးဝင် ပညာရေး၊ အလ ယ်တန်းအဆင့် မသင်မနေရ ပညာရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။ တောင်းဆိုချက် (၁၁) ချက် သဘောတူခဲ့ပေမယ့် လမ်းလျှောက် ချီတက်နေတဲ့ သပိတ်မှောက် ကျောင်းသားတွေကတော့ သပိတ်တွေကို ဆက်လက်ထားရှိနေဦးမယ်လို့ ကျောင်းသားကိုယ်စားလှယ် ဇေယျာလှိုင်က ပြောပါတယ်။

“သပိတ်တွေက ဆက်ရှိနေမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ခုနက ပြောခဲ့သလိုပါပဲ ကျနော်တို့ ဖြစ်စဉ် ၃ ခုမှာ ဒီနေ့ ၁ ခုပဲ အောင်မြင်ပါတယ်။ ၁၁ ချက်ကို မြန်မာပြည်အစိုးရနဲ့ ညှိနှိုင်း တွေ့ဆုံခွင့်ရခဲ့တယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးခွင့်ရခဲ့ပါတယ်။ သို့ပေမဲ့ ဒုတိယဖြစ်စဉ်တခုအနေနဲ့ လည်း အာမခံချက်တခု ရခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနက ကျနော်တို့နဲ့ ၁၄ ရက်နေ့မှာ ညှိနှိုင်းရေးဆွဲပြီးတော့ ၁၆ ရက်နေ့အမီ လွှတ်တော်မှာ တင်ပေးမယ်ဆိုတဲ့ အာမခံချက်ကို ရရှိခဲ့တယ်။ အဲ့ဒါက ဒုတိယဖြစ်စဉ်ပါ။ တတိယဖြစ်စဉ်အနေနဲ့ နောက်ဆုံး အပြီးသတ် ဒီဖြစ်စဉ်ကြီး တခုလုံးမှာရှိတဲ့ ဥပဒေပြင်ဆင်ရေးဆိုတဲ့ကိစ္စ ကျန်ပါသေးတယ်။ အဲ့ဒီဥပဒေပြင်ဆင်ရေးဆိုတဲ့ကိစ္စကို လွှတ်တော်မှာ ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ကျနော်တို့ ဆက်ပြီး စောင့်ကြည့်ရပါဦးမယ်။”

အခု ဆွေးနွေးပွဲအပေါ် NNER ကတော့ ထောက်ခံကြိုဆိုတဲ့အကြောင်းမြန်မာနိုင်ငံပညာရေးအတွက် အောင်မြင်မှု တစ်ခုအဖြစ် ရှုမြင်ကြောင်း ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“ဒီမိုကရေစီ ပညာရေးစနစ်ကို အားလုံးကျေနပ်အောင် ကျောင်းသားတွေရော၊ ဆရာတွေရော၊ မိဘတွေရော အားလုံး ကျေနပ်လက်ခံတဲ့ ဒီမိုကရေစီ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဖို့၊ ဒီ ဒီမိုကရေစီ ပညာရေးကနေပြီးတော့ အရည်အသွေးပြည့်ဝတဲ့ ပညာရေးတွေကို ကျနော်တို့ရဲ့ ကလေးတွေကို၊ လူငယ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ အောင်မြင်တဲ့ အခြေခံဖြစ်ပါတယ်။ ကျနော်တို့ ကလေးတွေ ပညာဉာဏ် ပြည့်ဝသွားပြီဆိုရင် တဦးချင်းလည်း ဖွံ့ဖြိုးတိုးတက်သလို၊ ကျနော်တို့ရဲ့ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာပါမယ်။ ဒါ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အောင်မြင်တဲ့ ခြေလှမ်းဖြစ်ပါတယ်။ ဒီအတွက် ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်အားလုံး ဆွေးနွေးပွဲကို စောင့်ကြည့်နားထောင်နေကြတဲ့ ပြည်သူလူထုရော ဒါ ကျနော်တို့ရဲ့ အောင်မြင်မှုအပေါ်မှာ ဒါ ကျနော်တို့ရဲ့ အောင်မြင်မှုဟာ ပြည်သူလူထုရဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ လိုလားချက်တွေကို ဆောင်ရွက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ပြည်သူလူထုရဲ့ လိုလားချက်တွေကို ကျနော်တို့ အဖွဲ့ ၄ ဖွဲ့စလုံးက ဆက်လက် ကြိုးပမ်းဆောင်ရွက်ပါ့မယ်လို့ ဒီနေရာကနေ ကတိပြု ပြောကြားလိုပါတယ်။”

အမှားအယွင်းတွေ ရှိနေတဲ့ ပညာရေးဥပဒေကြမ်းကို အခု ပညာရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲက ရလဒ်တွေနဲ့ ပြင်ဆင်သွားဖို့ လွှတ်တော်က ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားပြု တက်ရောက်ခဲ့တဲ့ ဦးသိန်းဆွေက ပြောပါတယ်။

“ဆက်လက်ပြီးတော့မှ ကျနော်တို့ အသေးစိတ် ဆွေးနွေးရမယ့် အခြေအနေလေးတွေ ရှိပါတယ်။ ကျနော်တို့ ၁၄ ရက်နေ့မှာ ဆွေးနွေးပါမယ်။ ပြီးရင် အမြန်ဆုံးပဲ ကျနော်တို့ လွှတ်တော်ကို တင်တဲ့အခါမှာလည်းပဲ ကျနော်တို့ လွှတ်တော်အနေနဲ့ ဒီအမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း တင်သွင်းလာတဲ့အခါမှာ လွှတ်တော်မှာ အမြန်ဆုံး ဆက်လက် ဆွေးနွေးပြီးတော့မှ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ပြီးတော့မှ အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါမယ်လို့ ကျောင်းသားများစိတ်ထဲမှာ သံသယတွေ ကင်းပြီးတော့မှ စိတ်အေးသွားအောင်လို့ ဒီအတည်ပြုပြီးသား အမျိုးသားပညာရေး ဥပဒေတခုကိုလည်းပဲ ကျနော်တို့ ဆက်လက်ပြီးတော့မှ အားလုံးရဲ့ သဘောဆန္ဒနဲ့အညီ အကောင်းဆုံးဖြစ်တဲ့ ဥပဒေတခုဖြစ်အောင် ပြင်ဆင်သွားဖို့ရှိပါတယ်။”

ရန်ကုန်မြို့ကို ချီတက် သပိတ်မှောက်နေတဲ့ ကျောင်းသားတွေအနေနဲ့တော့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မတိုင်ခင် ရန်ကုန်မြို့ကို မလာရောက်ဖို့ ညှိုနှိုင်းထားတယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့် ပညာရေး ဥပဒေကြမ်းသစ် ရေးဆွဲရေး ဆွေးနွေးပွဲက ရရှိလာမယ့် အချက်တွေကို လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်မှာ ပြုလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ တင်ပြသွားမှာဖြစ်ပါတယ်။ လွှတ်တော်က ပညာရေးဥပဒေကြမ်းသစ်ကို အတည်ပြုပြီးတဲ့အခါမှသာ သပိတ်မှောက် ကျောင်းသားတွေအနေနဲ့ သပိတ်လှန်ဖို့ ညှိနှိုင်းသွားမယ်လို့ ကျောင်းသားကိုယ်စားလှယ်တွေက ပြောပါတယ်။

XS
SM
MD
LG