သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးဆွေးနွေးပွဲ ရှေ့နှစ်ဆန်း စဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း


NCAပါ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် သဘောတူညီချက်အား နိုင်ငံတော်သမ္မတထံ ဒီကနေ့ ပေးအပ် (Photo- Myanmar President office)
NCAပါ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် သဘောတူညီချက်အား နိုင်ငံတော်သမ္မတထံ ဒီကနေ့ ပေးအပ် (Photo- Myanmar President office)

မြန်မာ အစိုးရနဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား နိုင်ငံရေး ဆွေးနွေးပွဲ တရပ်ကို လာမယ့် ဇန်နဝါရီလ ပထမပတ်မှာ ကျင်းပနိုင်ဖို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောဆိုသွားပါတယ်။ သမ္မတ ဦးသိန်းစိန်ထံ ဒီကနေ့ ပေးအပ်ခဲ့တဲ့ အာဏာပိုင် အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေး ပါတီတွေကြား သဘောတူထားတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်က တိုင်းရင်းသား ပဋိပက္ခတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ပြီလားဆိုတာနဲ့ လာမယ့် အစိုးရသစ်က လက်ခံနိုင်မယ့် အလားအလာတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ကြား ရရှိထားတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်အရ ရေးဆွဲသဘောတူညီခဲ့ကြတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို ဒီကနေ့မှာ သမ္မတ ဦးသိန်းစိန်ကို ပေးအပ်ခဲ့ပါတယ်။ ကိုယ်စားပြု အစုအဖွဲ့တွေက ပါဝင်ဆွေးနွေးသူပေါင်း ရာနဲ့ချီ တက်ရောက်မယ့် နိုင်ငံရေး ဆွေးနွေးပွဲကို လာမယ့် ဇန်နဝါရီလ ပထမပတ်မှာ စတင်ကြဖို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့တယ်လို့ အပစ်ရပ်ထားတဲ့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖဲ့ွချုပ်က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ဒီနေ့ သမ္မတကြီးရဲ့မိန့်ခွန်းအရကတော့ နေ့တော့ မသတ်မှတ်ပေမယ့် ဇန်နဝါရီလ ပထမအပတ်မှာ စနိုင်အောင် ညွှန်ကြားလိုက်ပါတယ်။ တနာရီမိန့်ခွန်းမှာ ညွန်ကြားချက်ကတော့ ဇန်နဝါရီ ပထမအပတ်လို့ ဆိုတဲ့အတွက် ပထမပတ်ဆိုတာတော့ ကျနော်တို့ ၁ ရက်ကနေ ၇ ရက်နေ့ပေါ့ဗျာ။ အဲဒီကြားမှာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နည်းနည်းရွေ့လျား သွားမယ်ဆိုရင်လည်းပဲ ဒုတိယ အပတ်ထဲရောက်နိုင်တာပေါ့။ ဒါပေမယ့် ဦးတည်ရည်မှန်းချက်ကတော့ ပထမအပတ်လို့ ဒီကနေ့ သမ္မတကြီးက လမ်းညွှန်ပါတယ်ခင်ဗျာ။”

ရွေးကောက်ပွဲအပြီး အစိုးရသစ် အပြောင်းအလဲ ကာလမှာ စတင်မယ့် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ အစိုးရကြား နိုင်ငံရေး ဆွေးနွေးပွဲတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဖွဲ့စည်းမယ့် အစိုးရသစ်က ဘယ်လောက် အထိ လက်ခံနိုင်မလဲ ဆိုတာကိုတော့ နိုင်ငံရေး မူဘောင်ကို ပါဝင်ရေးဆွဲခဲ့တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“အစိုးရသစ်ဖွဲ့ပြီးတဲ့အခါ အကြောင်းအရာပေါ်မှာ မူတည်ပြီးတော့ ပြုပြင်ပြောင်းလဲမှှုက ရှိကောင်းရှိမှာပေါ့။ မရှိဘဲနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ ကြိုတင်ပြီး ကျနော်တို့ ပြောလို့မရပါဘူး။ ထုံးစံအတိုင်းပေါ့ ဘယ်အလုံးစုံတော့ ကျေနပ်မလဲ။ သို့သော် ကျနော်တို့ အစုအဖွဲ့နဲ့ လူအများစုနဲ့ လုပ်တယ်ဆိုတာ အပေးအယူ အလျှော့အတင်း ဒီလိုရှိရတာလေ။ လက်ခံသင့်တဲ့ဟာ မကြိုက်လည်း လက်ခံပေးရမယ်။ ဒါ ကိုယ်ချည်းပဲ မဟုတ်ဘူး။ ကိုယ့်ဘက်ကလည်း ဒီလိုပဲလေ။ ဒီသဘာဝအတိုင်း သွားနေတော့ အလုံးစုံဆိုတဲ့ဟာကို ကျနော် ပြောလို့မရပါဘူးခင်ဗျ။

လက်ရှိ အစိုးရရဲ့ လက်ကျန် သက်တမ်း ၃ လလောက် အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တို့နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ဖို့ အတွက် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်တရပ်ကို ခပ်မြန်မြန် သဘောတူလိုက်ကြတာ ဖြစ်ပြီး ပြုပြင်ပြောင်းလဲစရာတွေတော့ ရှိနေပါတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“အခုလုပ်တဲ့ မူဘောင်က စပ်ကူးမတ်ကူး ကာလ မူဘောင်လို့ ခေါ်တယ်ဗျာ။ စပ်ကူးမတ်ကူး ကာလ မူဘောင်ရဲ့အခြေအနေ ကြောင့် ဒီနိုင်ငံရေးဆွေးနွေးပွဲလို အခင်းအကျင်းက အဖွင့်သဘောမျိုး ဖြစ်သွားနိုင်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲ ဖွင့်ပွဲပေါ့ စတင်ဆွေးနွေးတဲ့ နောက်ပိုင်းမှာ အသေးစိတ် လုပ်စရာရှိတဲ့ ဥစ္စာကို နောက်ထပ် နိုင်ငံရေး ဆွေးနွေးပွဲ တဆင့်ပြီး တဆင့် လုပ်သွားတဲ့နေရာမှာ ပါသွားဖို့ပေါ့။ ပြီးလို့ရှိရင်တော့ နောက်တက်မယ့် အစိုးရကနေပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက် သယ်ဆောင်သွားရမယ့် တာဝန်ရှိတော့ ဒီမူဘောင်က တင်းကျပ်တဲ့ မူဘောင်မဟုတ်ဘဲနဲ့ ဒီပြောင်းလွယ်ပြင်လွယ် ပုံစံမျိုးကို လုပ်ထားတဲ့အခါကျတော့ နောက်အစိုးရကလည်း သူနိုင်ငံရေးဆွေးနွေးပွဲကို ဆက်သယ်တဲ့အချိန်မှာ ဒီမူဘောင်နဲ့ ပတ်သက်ပြီးတော့ နဲနဲလေး ကသိကအောင့်ဖြစ်တဲ့ ဟာလေးရှိရင်တော့ ပြုလွယ်ပြင်လွယ်အောင် ဆိုပြီးတော့ ထည့်ထားတာတော့ ရှိတာပေါ့နော်။”

နောက်လ အတွင်းမှာ စတင်နိုင်ဖို့ ခန့်မှန်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ အစိုးရကြား နိုင်ငံရေး ဆွေးနွေးပွဲတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဒါပေမယ့် အခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ မြန်မာ အစိုးရကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA မှာတော့ ဒေါ်အောင်ဆန်းစုကြည် သက်သေ အနေနဲ့ လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တာပါ။

တိုင်းရင်းသား လက်နက်ကိုင် တချို့နဲ့ မြန်မာ အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့က ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ ဝင်ရောက်ဆွေးနွေးခွင့် ပေးထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်ကတော့ ကိုယ်စားလှယ် ၁၅၀ ဦး ရရှိထားပါတယ်။ ဒါ့အပြင် နိုင်ငံရေး ပါတီတွေဘက်က ကိုယ်စားလှယ် ၁၅၀ ၊ တိုင်းရင်းသား ခေါင်းဆောင် ၅၀ နဲ့ ဖိတ်ကြားသင့်သူ ၅၀ တို့လည်း တက်ရောက် ဆွေးနွေးခွင့် ရရှိထားပါတယ်။

XS
SM
MD
LG