၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ ကစားသွားကြတဲ့ အာဂျင်တီးနားနဲ့ အိုက်စ်လန် ပွဲမှာ ၁ ဂိုး ၁ ဂိုး နဲ့ သရေကျသွားပါတယ်။ အာဂျင်တီးနားအသင်း ပယ်နယ်လ်တီရပေမဲ့ မက်ဆီ ကန်သွင်းတာကို အိုက်စ်လန်ဂိုးသမားက ဖမ်းလိုက်နိုင်ခဲ့သလို ပွဲအချိန်ပိုအတွင်း ဖရီးကစ် ရချိန်မှာ လည်း မက်ဆီကန်သွင်းတာကို တဘက်အသင်းက ကာကွယ်နိုင်ခဲ့တာကြောင့် နောက်ဆုံးသရေပွဲ ပြီးသွားခဲ့တာပါ။
ဒီပွဲမတိုင်ခင် ပြီးခဲ့တဲ့နာရီပိုင်းက ကန်ပြီးသွားတဲ့ အုပ်စု C က နာမည်ကျော် ပြင်သစ်နဲ့ သြစတြေးလျပွဲမှာတော့ ပြင်သစ်အသင်းဟာ ထင်သလောက် ခြေစွမ်းမပြနိုင်ပေမဲ့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကံကောင်းစွာနဲ့ပဲ အဖွင့်ပွဲမှာ ၃ မှတ်ရသွားပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေနဲ့ အဆုံးသတ်သွားတဲ့ ဒီပွဲရဲ့ ဒုတိယပိုင်း ၅၈ မိနစ်မှာ ပြင်သစ်အသင်းရတဲ့ ပန်နယ်လ်တီဂိုးကို ဂရစ်ဇ်မန်း ကန်သွင်းတာကြောင့် အဖွင့်ဂိုး ရပါတယ်။ ဒါပေမဲ့ သိပ်မကြာခင် ၆၂ မိနစ်မှာပဲ သြစတြေးလျအသင်းက ပန်နယ်လ်တီ ပြန်ရပြီး ချေပဂိုး သွင်းလိုက်နိုင်ပါတယ်။
မိနစ် ၈၀ မှာတော့ ပြင်သစ်အတွက် အနိုင်ဂိုးကို တိုက်စစ်မှူး Pogba က သွင်းယူလိုက်နိုင်တာကြောင့် ပြင်သစ်အသင်း ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ဒီပွဲမှာ ပြင်သစ်အသင်းရသွားတဲ့ ဂိုးနှစ်ဂိုးစလုံးအတွက် VAR လို့ခေါ်တဲ့ Video Assistant Referee ဗွီဒီယိုနည်းပညာနဲ့ စောင့်ကြည့် မှတ်တမ်းတင် ဆုံးဖြတ်တဲ့နည်းကို အကူအညီယူပြီး ဆုံးဖြတ်ချက် ချရတာကြောင့် ဒါဟာဖြင့် ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာမှစသုံးတဲ့ VAR နည်းပညာကို ဒီပွဲမှာ အရင်ဆုံး အသုံးပြုလိုက်တာပဲဖြစ်ပါတယ်။ နောက်ထပ်ကန်မယ့် ပွဲတွေကတော့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ အုပ်စု C က ပီရူးနဲ့ ဒိန်းမတ်၊ တနင်္ဂနွေ မနက် ၁ နာရီခွဲမှာ အုပ်စု D က ခရိုအေးရှားနဲ့ နိုင်ဂျီးရီးယားအသင်းတို့ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။ မနေ့ သောကြာနေ့က ပွဲတွေမှာတော့ ဥရောပ ထိပ်သီး နှစ်သင်းဖြစ်တဲ့ အုပ်စု B က ပေါ်တူဂီ နဲ့ စပိန်တို့ အကျိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ တဘက် သုံးဂိုးစီနဲ့ သရေကျသွားပါတယ်။