သုံးရလွယ်ကူစေသည့် Link များ

၂၀၁၃ နှစ်ကုန်ကျရင် မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတစ်ယောက်မှ မရှိစေရပါဘူးလို့ ကတိပေးခဲ့တာကို သမ္မတဦးသိန်းစိန် မတည်ခဲ့ဘူးလို့ ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ အရင် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် နိုင်ငံရေး ပုဒ်မလို့ သတ်မှတ်ကြတဲ့ ပုဒ်မတွေနဲ့ ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေကို ပယ်ဖျက် ပေးခဲ့ပေမဲ့ လည်း တခြားပုဒ်မတွေကြောင့် ဆက်ပြီး အကျဉ်းကျဆဲဖြစ်တဲ့ အတွက် နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတုန်းပဲလို့ နိုင်ငံရေး အကျဉ်းသားအရေး လုပ်ဆောင်နေသူ တစ်ဦး ကလည်း ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းနဲ့ ၂၀၁၄ ခု နှစ်ဆန်းပိုင်းတွေမှာ သမ္မတ ဦးသိန်းစိန် က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်တွေ ထုတ်ပြန်ပြီး လွှတ်ပေးတာတွေ ရှိခဲ့ပေမဲ့လည်း လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားက နည်းနည်းပဲ ပါပြီးတော့ ရာဇ၀တ် ပြစ်မှုတွေနဲ့ အကျဉ်းကျသူက အများစုဖြစ်နေတယ် ဆိုပြီးတော့ ပြင်သစ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ FIDH နဲ့ ဒေသတွင်း အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့ ALTSEAN Burma တို့က ဝေဖန်ထားတာပါ။

ဒါဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ယူဆတဲ့အကြောင်း FIDH အဖွဲ့က အရှေ့တောင်အာရှရေးရာဆိုင်ရာ အကြီးအကဲ အန်ဒရေရာ ဂျော်ဂျက်တာ (Andrea Giorgetta) က ဗွီအိုအေကိုပြောပါတယ်။

“သုံးနှစ်နီးပါးကြာတဲ့အထိ သမ္မတဦးသိန်းစိန်အစိုးရဟာ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို လွှတ် မပေးသေးပါဘူး။ အထူးသဖြင့် ကျနော်တို့စိုးရိမ်တာက နိုင်ငံရေးအကျဉ်းသားတွေကို စွဲချက်တင်ချမှတ်ထားတဲ့ ပုဒ်မတွေအားလုံး ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ပေမဲ့လည်း မြေယာ သိမ်းဆည်းမှုတွေ အပေါ် ကန့်ကွက်ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေ အနေနဲ့ ရာဇ၀တ်ပြစ်မှုဆိုင်ရာ ပုဒ်မအမျိုးမျိုးနဲ့ စွဲချက်တင်ခံရမယ့်အရေး ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပေါ် ချမှတ်ခဲ့တဲ့ ပုဒ်မတွေကနေ လွတ်ငြိမ်းခွင့်ပြုခဲ့ပေမဲ့လည်း တက်ကြွလှုပ်ရှားသူတွေကို စွဲချက်တင်ဖို့ တခြား ရာဇ၀တ်ကြောင်း ဆိုင်ရာ ပုဒ်မတွေ အသုံးပြုနေဆဲရှိတာကြောင့် ဒီကိစ္စက အတော်အရေးကြီးပါတယ်။”

ဒါကြောင့်လည်း ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေအားလုံးကို လွှတ်တော်က ဖျက်သိမ်းပေးရေးအတွက် သမ္မတဦးသိန်းစိန်အနေနဲ့ လက်တွေ့ကျကျ ဦးဆောင်လုပ်ဖို့နဲ့ အကယ်၍ လွှတ်တော်က ဘာမှမလုပ်ခဲ့ဘူးဆိုရင်လည်း သမ္မတဦးသိန်းစိန်က အမိန့်ထုတ်ပြန် ပြီး ဖိနှိပ်တဲ့ဥပဒေတွေအားလုံးကို ဖျက်သိမ်းသင့်တယ်လို့ FIDH က တိုက်တွန်းပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအနေနဲ့ မဟုတ်ပေ မဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကိုယ်တိုင် ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ကတော့ အကျဉ်းထောင်တွေထဲ မှာ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီးရှိနေသေးတယ်လို့ သတ်မှတ်ထားတဲ့အကြောင်း စိစစ်ရေးကော်မတီဝင် တစ်ဦးဖြစ်သူ ကိုရဲအောင်က ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ စာရင်းအရဆိုရင် တင်ပြထားတဲ့ စာရင်းအရ ၃၃ဦး ကျန်ပါသေးတယ်။ ကော်မတီက သတ်မှတ်ထားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလူတွေ အကုန်လုံးက နိုင်ငံရေးပုဒ်မတွေ ပါတယ်။ ဒါကြောင့်မို့ ဒီလူတွေနဲ့ပတ်သက်ပြီး ကျနော်တို့ နိုင်ငံရေး အကျဉ်းသား အဖြစ် ကော်မတီက နောက်ဆုံးအကြိမ်မှာ ကျနော်တို့ ဆွေးနွေးကြပါတဲ့အခါမှာ တချို့ဟာတွေက ရာဇဝတ်ပုဒ်မတွေနဲ့ရှိနေတဲ့အတွက် ဒီနှစ်အကုန်မှာ နိုင်ငံရေး ပုဒ်မအရ ရှင်းပေးပြီးတော့ ကျန်တာတွေကိုဆွေးနွေးဖို့ အတွက် တင်ပြပေးမယ် လို့တော့ ကော်မတီဥက္ကဋ္ဌကပြောသွားပါတယ်။ ပြောသွားတဲ့အတွက်ကြောင့် ကျနော်တို့က ဒီဟာကို စောင့်ကြည့်နေတယ်။ စောင့်ကြည့်နေတာမှာ အခုအချိန်အထိ ဒီလူတွေကို လွှတ်ပေးတာ မတွေ့ရပါဘူး။ "

လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဟာ ဆက် တည်ရှိနေ မှာဖြစ်တယ် လို့ ၀န်ကြီးဦးစိုးသိန်းက ပြောထားပြီး အခု နှစ်ဆန်းပိုင်း မှာ ကော်မတီအစည်းအဝေးလုပ်ဖို့ အကြောင်းကြားထားခဲ့ပေမဲ့ နှစ်ကြိမ် တိုင် ရွှေ့ဆိုင်းပြီးတဲ့နောက် အစည်းအဝေး ဘယ်တော့ လုပ်မယ်ဆိုတာကို ဘာမှ မသိရသေးဘူးလို့ ကိုရဲအောင်က ပြောပါတယ်။

" ၁၂ရက်ပြောင်းလဲပြီးတဲ့အခါကျတော့ ကျနော်တို့ကို ၉ရက်နေ့မှာ အကြောင်းကြားပါတယ်။ အစည်းအဝေးကို ၁၂ရက်နေ့ ရွှေ့ဆိုင်းလိုက်ပြီဆိုတာ အကြောင်းကြားပါတယ်။ ဘာကြောင့်ရွှေ့ဆိုင်းတယ်။ ဘယ်တော့ လုပ်မယ်ဆိုတာလည်း မပြောဘူး။ ကျနော်တို့အနေနဲ့က ဒီအစည်းအဝေးလုပ်မှပဲ လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ ပြောဆိုဆွေးနွေးရမှာဖြစ်တယ်။ အခုက ကျနော်တို့က ဘာမှပြောဆိုဆွေးနွေးဖို့ နေရာမရှိဘူးဖြစ်နေတယ်။ အစည်းအဝေးလုပ်မယ်ဆိုတာ ကျနော်တို့ကိုယ်တိုင် ဘာမှ တိတိကျကျ မသိရဘူးဖြစ်နေတယ်။"

သမ္မတဦးသိန်းစိန်က အမိန့်ခေါင်းစဉ်အမျိုးမျိုးနဲ့ အကျဉ်းသားတွေကိုလွှတ်ပေးလို့ လွတ်တဲ့ထဲ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင် လာတိုင်းမှာ နိုင်ငံတကာက အများအားဖြင့် ချီးကျူးပြောဆိုကြပြီး အခုဆိုရင် ကိုရဲအောင်တို့ကပြောနေတဲ့ ကျန်နေသေးတယ် ဆိုတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စကို မြန်မာ့အရေး စိတ်ဝင်စားတဲ့ အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေက မပြော သလောက်ဖြစ်နေပါပြီ။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေး ပြောဆိုတဲ့အချိန်တိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စကို ဆက်ပြီးတော့ ဦးစားပေး ထည့်သွင်း ဆွေးနွေးသင့်တယ် လို့ လူ့အခွင့်အရေးအဖွဲ့ FIDH က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG