သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကြွေး ဒေါ်လာသန်း ၅၅၀ လျှော်ဖို့ ပြင်သစ်သဘောတူ


(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မြန်မာနိုင်ငံက ပြင်သစ်နိုင်ငံကို ပေးဆပ်ဖို့ ကျန်ရှိသေးတဲ့ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကို အတိုးနှုန်း ၂ ရာခိုင်နှုန်း နဲ့ ၁၅ နှစ်အတွင်း အရစ်ကျ ပြန်ပေးဆပ်သွားဖို့ သဘောတူလိုက်ကြပါတယ်။ ပြင်သစ် ပြည်ပ ကုန်သွယ်ရေးဝန်ကြီးရဲ့ မြန်မာ နိုင်ငံခရီးစဉ်အတွင်း အင်္ဂါနေ့က အဲဒီလို သဘောတူလက်မှတ် ရေးထိုးခဲ့ကြတဲ့ထဲမှာ စုစုပေါင်းကြွေးမြီရဲ့ ၅၀ ရာခိုင်နှုန်း သန်း ၅၅၀ ကို လျှော်ပစ်ပေးထားခဲ့တာနဲ့ ပတ်သက်တဲ့ တရားဝင် သဘောတူညီ ချက်လည်းပါဝင်ပါတယ်။ ဒီအခြေအနေတွေ အပါအဝင် ပြင်သစ်- မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ပြင်သစ်နဲ့ မြန်မာနိုင်ငံတို့အကြား ကြွေးမြီဆိုင်ရာ အခုသဘောတူညီချက်ဟာ
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် လက်မှတ်ရေးထိုးတဲ့ သဘောတူညီချက် ဖြစ်ပါတယ်လို့ ပြင်သစ် ပြည်ပကုန်သွယ်ရေးဝန်ကြီး မစ္စစ် နီကိုးလ် ဘရိ(က်) က ရန်ကုန်မြို့၊ ပြင်သစ်သံရုံးမှာ ဗုဒ္ဓဟူးနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြန်ကတဆင့် ပြောသွားပါတယ်။

"ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက အင်မတန် ဂုဏ်ယူစရာကောင်းတဲ့ နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးပွဲတခုကို သူ တက်ရောက်ခဲ့တဲ့အကြောင်း၊ အဲဒီ သဘောတူညီချက်အရ ကြွေးမြီဒေါ်လာ သန်း ၅၅၀ ကို လျှော်ပစ်ပြီး ကျန်ကြွေးမြီဒေါ်လာ သန်း ၅၅၀ ကိုလည်း အတိုးနှုန်း သက်သက်သာသာနဲ့ အရစ်ကျ ပေးဆပ်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပဲရစ်ကလပ် အစည်းအဝေးအတွင်း သဘောတူညီထားခဲ့တဲ့အကြောင်း၊" ပြင်သစ်ကုန်သွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။

အခုလို ကြွေးမြီလျှော်ပေးလိုက်တာကနေ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ရေရှည်ခိုင်မာတဲ့ ဘဏ္ဍာရေးအခြေအနေကို ထိန်းထားနိုင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒတွေကို စီမံခန့်ခွဲနိုင်မယ်လို့ မျှော်လင့် တဲ့အကြောင်း ပြင်သစ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြင်သစ် ပြည်ပကုန်သွယ်ရေး ဝန်ကြီးဟာ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား စီမံကိန်းနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နဲ့ တွေ့ဆုံ ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ပြင်သစ်ကုမ္ပဏီတွေအနေနဲ့ တာဝန်သိစွာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို အလေးထား လုပ်ဆောင်ဖို့တွေကို ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့တယ်လို့ မစ္စစ်ဘရိ(က်) က ပြောပါတယ်။

မစ္စစ်ဘရိ(က်) ရဲ့ အခုခရီးစဉ်ဟာ ပြင်သစ်အစိုးရရဲ့ စီးပွားရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးအနေနဲ့ ပထမဆုံးခရီးစဉ်ဖြစ်တာကြောင့် တနည်းအားဖြင့် အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ၊ ပြင်သစ်သံရုံးက စီးပွားရေးဝန်ဆောင်မှုဌာန အကြီးအကဲ မစ္စတာ ဒိုမိနစ်ခ် ကိုးစ် (Dominique Causse) က ပြောပါတယ်။

"မြန်မာနဲ့ ပြင်သစ်နိုင်ငံအကြား ဆက်ဆံရေးဟာ သဘာဝအားဖြင့် စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးဖြစ်ရမယ်ဆိုတာ သူက ပြချင်ပါတယ်။ နိုင်ငံ
ရေး သက်သက် ဆက်ဆံရေးမဟုတ်ပါဘူး။ ဆက်ဆံရေးကို ကုမ္ပဏီတွေအကြား စီးပွားဆက်ဆံရေးအဖြစ် ပြောင်းလဲရပါမယ်။ သူနဲ့ အတူ ပြင်သစ်ကုမ္ပဏီ ၁၅ ခု လိုက်ပါလာပြီး ပြင်သစ်ကုန်သွယ်ရေးကော်မရှင်ရုံး Ubifrance ကနေတစ်ဆင့် အဆက်အသွယ်တွေ တည်ဆောက်ခဲ့ကြပါတယ်။"

ပြင်သစ် ပြည်ပကုန်သွယ်ရေးဝန်ကြီးနဲ့ အတူလိုက်ပါလာတဲ့ ကုမ္ပဏီတွေထဲမှာ စိုက်ပျိုးရေးကဏ္ဍ၊ အလှကုန်လုပ်ငန်းကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ၊ ဟော်တယ်တည်ဆောက်ရေး စီမံကိန်းတွေအတွက် ပိသုကာပိုင်း ဝန်ဆောင်မှုပေးတဲ့ကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ စတဲ့ကုပ္မဏီတွေပါဝင်တယ်လို့ စီးပွားရေးဌာန တာဝန်ရှိသူတွေက ပြောပါ တယ်။

ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ အခုအခါ နိုင်ငံရေးအစား စီးပွားရေးပိုင်းကို ပိုပြီး အာရုံစိုက်လာပြီလားဆိုတဲ့ မေးခွန်းကို အဲဒီလိုပြောနိုင်ကြောင်း မစ္စတာ ဒိုမိနစ်ခ်က ပြန်ဖြေခဲ့ပါတယ်။

Ubifrance ရုံးဟာ ပြင်သစ် ပြည်ပကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ
ဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်နေတာ လအနည်းငယ် ရှိနေပြီဖြစ်ပြီးတော့ ပြည်ပ ကုန်သွယ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ တရားဝင် ဖွင့်လှစ်ပေးခဲ့တာပါ။

ပြင်သစ်က မြန်မာနိုင်ငံဆီတင်ပို့ကုန်ပမာဏဟာ ၂၀၁၃ ခုနှစ် ပထမ ငါးလအတွင်း ၂၇၅% တိုးတက်ခဲ့ပြီးတော့ ယူရို ၂၃.၉ သန်း ရှိခဲ့ပြီးတော့ မြန်မာက ပြင်သစ်နိုင်ငံဆီ တင်ပို့ကုန် ပမာဏဟာ အလားတူ ကာလအတွင်း အဆပေါင်း ၁၂၅၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယူရို ၁ ဒဿမ ၅ သန်းကနေ ၂၀ ဒဿမ ၄ သန်းအထိ တိုးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြင်သစ်က တင်ပို့ကုန်အများစုဟာ လေယာဉ်တွေ၊ ဆေးဝါးတွေ၊ စက်ပစ္စည်း ကိရိယာတွေဖြစ်ပြီး ဒီနှစ်ဆန်းကစလို့ မြန်မာနိုင်ငံ ကနေ တင်ပို့ကုန်အများစုဟာ လက်ဝတ်ရတနာတွေဖြစ်တယ်လို့ စီးပွားရေးဌာန အကြီးအကဲကပြောပါတယ်။ ဒါ့အပြင် အထည် ထုတ်ကုန်တွေဟာ အခုချိန်ထိတော့ အရေအတွက် အများကြီး မဟုတ်သေး ပေမဲ့ တိုးလာနေတယ်လို့လည်း ပြောပါတယ်။

ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း တခြားနိုင်ငံတွေက လုပ်ငန်းရှင်တွေလိုပဲ လက်ရှိ မြန်မာနိုင်ငံက အပြောင်းအလဲတွေ အပေါ် ကျေနပ်အားရရှိကြပေမဲ့ ရင်းနှီးမြှုပ်နှံဖို့နေရာမှာ စိုးရိမ်ချက်တွေက ရှိနေတာပါ။

"အခြေခံ အဆောက်အအုံတွေက အခုထိ သိပ်ကြီး မကောင်းလှသေးပါဘူး။ လမ်းတွေ၊ လျှပ်စစ်မီးတွေ အခြေအနေ မကောင်းသေးပါဘူး။ ဆက်သွယ်ရေးပိုင်း တိုးတက်အောင် လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် လူသားအရင်းအမြစ်ပိုင်းကိုလည်း
ပြောရပါမယ်။ ကုမ္ပဏီတွေကလိုအပ်တဲ့ အရည်အချင်းအဆင့်နဲ့ မြန်မာနိုင်ငံသား
တွေကိုရဖို့က မလွယ်ကူပါဘူး။ လုပ်နိုင်စွမ်းကရှိပါတယ်၊ သူတို့ကို လေ့ကျင့်ပေးဖို့ လိုပါ တယ်။ လူတွေကို လေ့ကျင့်သင်တန်းပေးဖို့က ပြဿနာမဟုတ်ပါဘူး၊ ဒါကြောင့် ကုမ္ပဏီတွေက လုပ်ဖို့လိုပါတယ်။ အလားတူပါပဲ၊ ဘဏ်စနစ်က လည်း ကောင်းကောင်း လည်ပတ် လုပ်ဆောင်နိုင်ခြင်းမရှိသေးသလို မြေဈေး အိမ်ဈေးတန်ဖိုးကလည်း ပြင်သစ် ကုမ္ပဏီတွေ အဓိကထည့်သွင်းစဉ်းစားတဲ့ထဲမှာ ပါနေပါတယ်။"

မြန်မာနိုင်ငံရဲ့ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ကဏ္ဍဖြစ်နေတဲ့အတွက် ပြင်သစ်ကုမ္ပဏီ တွေ ရင်းနှီးမြှုပ်နှံဖို့ စိတ်အဝင်စားဆုံးကဏ္ဍဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲအတွင်း Ubifrance ရုံး တာဝန်ရှိသူတစ်ဦးက ပြောသွားပါတယ်။
XS
SM
MD
LG