ဥရောပမှာ အထူးသဖြင့် ပြင်သစ်နိုင်ငံမှာ အယ်လ်ကိုင်းဒါးအဖွဲ့ အကြမ်းဖက်မှု အန္တရာယ် ရှိနေတယ် ဆိုတာကို ဆော်ဒီအာရေးဗျနိုင်ငံက သတိပေးထားတယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘရိုက်စ် ဟော်တဲဖာ (Brice Hortefeux) က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ သတိပေးချက်ကို ဥရောပ ထောက်လှမ်းရေး ဌာနတွေက လက်ခံရရှိတယ်လို့ ဝန်ကြီး ဟော်တဲဖာက ရေဒီယိုနဲ့ ရုပ်မြင်သံကြားပေါ်မှာ တနင်္ဂနွေနေ့က ပြောခဲ့တာပါ။
ဒီခြိမ်းခြောက်မှု အန္တရာယ်ဟာ အမှန်အကန်ဖြစ်ပြီး ပြင်သစ်အစိုးရ အနေနဲ့ သတိအနေအထား ရှိနေတယ်လို့ ပြောပါတယ်။
ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီက မြို့ကြီးတွေအပေါ် အယ်လ်ကိုင်းဒါး အဖွဲ့နဲ့ ဆက်စပ်နေကြတဲ့ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွတွေက တိုက်ခိုက်မယ့် အစီအစဉ်ကို အနောက်တိုင်း ထောက်လှမ်းရေး တာဝန်ရှိသူတွေက ဖော်ထုတ်နိုင်ခဲ့ပြီးနောက်မှာ အမေရိကန်၊ ဗြိတိန်နဲ့ ဂျပန်နိုင်ငံတွေက ဥရောပရောက် သူတို့နိုင်ငံသားတွေကို သတိရှိကြဖို့ ဒီလဆန်းပိုင်းကပဲ သတိပေးခဲ့တာပါ။
တိုက်ခိုက်မှုတွေဟာ ၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အပေါ် တိုက်ခိုက်ပုံမျိုး ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီတုန်းက အစ္စလာမ် စစ်သွေးကြွ လက်နက်ကိုင်တွေ တပြိုင်တည်းလို တိုက်ခိုက်မှုကြောင့် ၁၆၆ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။