သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဇွန် ၁၆ မြန်မာပြည်လာမည်


ပြင်သစ်နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာဝန်ကြီး Jean-Marc Ayrault ဟာ မြန်မာနိုင်ငံကို ဇွန်လ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။ NLD အစိုးရသစ်အပေါ် ပြင်သစ်အစိုးရရဲ့ ထောက်ခံမှုကို ပြသဖို့နဲ့ လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးမှုဆိုင်ရာ ငွေကြေးအထောက်အပံ့တွေ ပေးမယ့်ကိစ္စတွေအတွက် နိုင်ငံခြားရေးဝန်ကြီး Ayrault လာရောက်မယ့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ပြောခွင့်ရသူရဲ့ ပြောကြားချက်ကို ပြည်တွင်းကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟာ ဇွန်လ ၁၇ ရက်နေ့မှာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းနဲ့ တွေ့ဆုံမယ့်အပြင်၊ အရပ်ဘက် လူထုအဖွဲ့အစည်းတွေ၊ ပြင်သစ် NGO တွေ၊ ပြင်သစ် စီးပွားရေးလုပ်ငန်း တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ခရီးစဉ် နောက်ဆုံးနေ့ကျရင်တော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့နေအိမ်ကို သွားရောက်ပြီး၊ Yangon Heritage Trust ရဲ့ ဥက္ကဋ္ဌ ဦးသန့်မြင့်ဦးကို တေ့ွဆုံမယ်လို့ The Diplomat Online သတင်းမှာ Myanmar Times ကို ကိုးကား ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အင်မတန် အစာရေစာရှားပါးပြီး၊ အဟာရချို့တဲ့မှု ဖြစ်လာနိုင်သူတွေအတွက် အကူအညီပေးနေတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းအဖဲ့ွအစည်းတွေအတွက် ပြင်သစ်နိုင်ငံက ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ယူရို ၅ သန်းကျော် ထောက်ပံ့ခဲ့ပါတယ်။ အခုနှစ် မတ်လတုန်းကပဲ ရေဘးဒဏ်ခံထားရတဲ့ ချင်းပြည်နယ်က ပြည်သူတွေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ စစ်တွေမြို့က မွေးကင်းစနဲ့ ကလေးငယ်တွေ အဟာရပြည့်ဝဖို့အတွက် ယူရိုငွေ ၇ သိန်း ထောက်ပံ့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG