ပြင်သစ်သမ္မတ Francois Hollande ဟာ တနင်္ဂနွေနေ့ နှောင်းပိုင်းက ကျူးဘားနိုင်ငံကို ရောက်ရှိခဲ့ပြီး ဒါဟာ ပြင်သစ်နိုင်ငံ့ခေါင်းဆောင်တဦး ကွန်မြူနစ်ကျူးဘားကို ပထမဆုံးအကြိမ် လာရောက်တဲ့ခရီးစဉ်ပဲ ဖြစ်ပါတယ်။
ပြင်သစ်သမ္မတ Hollande က "ဒီညနေမှာပဲ ကျနော် ကျူးဘားနိုင်ငံကို ရောက်ပါတယ်။ ကျူးဘားကို လာတဲ့ ပထမဆုံး ပြင်သစ်နိုင်ငံရဲ့ သမ္မတ တယောက်အနေနဲ့ အများကြီး စိတ်လှုပ်ရှားရသလို အနောက်နိုင်ငံက ပထမဆုံး သမ္မတတယောက်အနေနဲ့ ကျူးဘားနိုင်ငံ ပြန်လည် ပွင့်လင်းလာချိန်မှာ ခုလို ဆက်ဆံမှုဟာ ထူးခြားတဲ့ ဖော်ပြချက်ဖြစ်တယ်” လို့ ပြောသွားပါတယ်။
မကြာခင်ကပဲ ဗာတီကန်မှာ ပုရဟန်းမင်းကြီး ဖရန်စစ်နဲ့ တွေ့ဆုံတဲ့ခရီးအပါအဝင် အီတလီနိုင်ငံကနေပြန်လာတဲ့ ကျူးဘားသမ္မတ Raul Castro နဲ့ မစ္စတာ Hollande ဒီကနေ့ တနင်္လာနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ကျူးဘားသမ္မတ မစ္စတာကက်စ်ထရိုနဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမားတို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက နှစ်နိုင်ငံကြား စစ်အေးခေတ် ကာလ ခါးသည်းမှုတွေနဲ့ ဆယ်စုနှစ် ၅ စုကျော် ဆက်ဆံရေး ပြတ်တောက်နေခဲ့တာတွေ အဆုံးသတ်ကြောင်း ကြေညာခဲ့ချိန်ကစလို့ အခု မစ္စတာ Hollande ရဲ့ ကျူးဘားခရီးစဉ်ဟာ အနောက်နိုင်ငံက ခေါင်းဆောင်တဦး ထပမဆုံးအကြိမ်လာရောက်တဲ့ ခရီးစဉ်ပဲ ဖြစ်ပါတယ်။ အမေရိကန်လို ပြင်သစ်က ကျူးဘားအပေါ်မှာ ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတာမရှိသလို နှစ်နိုင်ငံကြားအပြန်အလှန် ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ပေါင်း ၄ဝဝ နီးပါး ရှိပါတယ်။ ကာရေဗီယံ ကျွန်းနိုင်ငံငါးခုကို သွားရောက်နေတဲ့ မစ္စတာ Hollande ရဲ့ ခရီးစဉ်ဟာ ကျူးဘားနိုင်ငံမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။