သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်အနောက်တောင်ပိုင်းမှာ IS သစ္စာခံဆိုသူရဲ့ တိုက်ခိုက်မှုနဲ့ ဓါးစာခံဖမ်းဆီးမှုဖြစ်ပွား


ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Trebes မြို့က Supermarket ဆိုင်တဆိုင်မှာ ဒီကနေ့ ဓားစာခံဖမ်းဆီးမှု ဖြစ်ပွားခဲ့ပြီး၊ IS အစ္စလာမ် စစ်သွေးကြွအဖွဲ့ကို သစ္စာခံလို့ ဆိုသူတယောက်ရဲ့ ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

မသင်္ကာသူရှိနေတဲ့ဆိုင်ကို လုံခြုံရေးအာဏာပိုင်တွေ ဝိုင်းထားပြီး၊ ဖမ်းထားတဲ့ ဓားစာခံတွေ ရှိနိုင်တယ်လို့ ယူဆရကြောင်းလည်း ပြင်သစ်ရဲတပ်ဖွဲ့က ပြောပါတယ်။ စုံစမ်းစစ်ဆေးသူတွေကတော့ အကြမ်းဖက်ဝါဒီ တိုက်ခိုက်မှုအဖြစ် ကိုင်တွယ်ဆောင်ရွက်နေကြောင်းလည်း ဝန်ကြီးချုပ် Edouard Philippe ကပြောပါတယ်။

လတ်တလော ရရှိထားတဲ့ သတင်းတွေအရ အကြမ်းဖက်ဝါဒီတိုက်ခိုက်မှုအဖြစ် ယူဆထားကြောင်းလည်း ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောခဲ့တာပါ။ ပြင်သစ်အစိုးရရှေ့နေရုံးကတော့ စုံစမ်းစစ်ဆေးမှုတွေကို အကြမ်းဖက်ဝါဒတန်ပြန်တိုက်ဖျက်ရေး တာဝန်ရှိသူတွေ လွဲှပြောင်း ကိုင်တွယ်နေပြီဖြစ်ကြောင်း ပြောခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ရှင်းမပြပါဘူး။

Trebes မြို့က ဓားစာခံဖမ်းဆီးမှု မဖြစ်ခင် မိနစ်ပိုင်းအတွင်း ကပ်လျက်ရှိနေတဲ့ Carcassonne မြို့က ပစ်ခတ်မှုမှာ ဒဏ်ရာရသွားတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကတော့ သက်သာရာရလာပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောပါတယ်။ Carcassonne မြို့မှာ အပြေးလေ့ကျင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သေနတ်သမားက ပစ်ခတ်ရာမှာ ရဲအရာရှိဒဏ်ရာရခဲ့တာ ဖြစ်ကြောင်းလည်း အမျိုးသား ရဲတပ်ဖွဲ့သမဂ္ဂ ပြောခွင့်ရ Yves Lefebvre က ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်က လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး နောက်ပိုင်း အစ္စလာမ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက် ကြုံခဲ့ရတဲ့အတွက် လုံခြုံရေးအတွက် အထူးတပ်လှန့်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG