သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်အမျိုးသားရေးဝါဒီတွေနှင့် မူဆလင် ဆန့်ကျင်ရေး


ပြင်သစ်နိုင်ငံမြောင်ပိုင်းတွင် ပြောင်းရွှေ့ဝင်ရောက်လာသူများကို ဆန္ဒပြသူများ က လမ်းပိတ်ထားစဉ် (စက်တင်ဘာလ ၂၀၁၆)
ပြင်သစ်နိုင်ငံမြောင်ပိုင်းတွင် ပြောင်းရွှေ့ဝင်ရောက်လာသူများကို ဆန္ဒပြသူများ က လမ်းပိတ်ထားစဉ် (စက်တင်ဘာလ ၂၀၁၆)

ဥရောပတလွှား အရှိန်တက်လာနေတဲ့ ပြောင်းရွှေ့ဝင်ရောက်မှုဆန့်ကျင်ရေး စိတ်ဓါတ်ဟာ အခုနောက်ဆုံး ပြင်သစ်အမျိုးသားရေးဝါဒီတွေဆီ ကူးစက်နေပါတယ်။ VOA ဥရောပသတင်းထောက် Luis Ramirez ပါရီမြို့တော်အနီး ၊ Chartres မြို့ က ပေးပို့ထားတဲ့သတင်းလွှာကို ဦးကျော်ဇံသာက ပြောပြမှာပါ။

ဒီ Chartres မြို့ရှေးဟောင်းဘုရားကျောင်းရဲ့ မှန်ပြတင်းတွေလိုပဲ ပြင်သစ်နိုင်ငံမှာလည်း လူမျိုး အသွေးအရောင်တွေ စုံလှပါတယ်။ ဒီမြို့ရဲ့ ဆင်ခြေဖုံးမှာဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေ၊ အများစုဟာ မူဆလင် နိုင်ငံတွေက လာရောက်ကြတာဖြစ်ပြီး၊ သူတို့မိဘတွေကို ဈေးပေါတဲ့လုပ်သားတွေအဖြစ် ပြင်သစ်ကလက်ခံထားခဲ့တာပါ။ အခုတော့ အစ္စလာမ်မစ် အကြမ်းဖက်တိုက်ခိုက်မှုတွေ တသီတတန်းဖြစ်လာပြီးတဲ့နောက် သူတို့နဲ့ပတ်သက်တဲ့စိုးရိမ်သံ လက်မခံတဲ့ အသံတွေ ကြားလာရပါပြီ။

Polat Mansur ဟာ Kurds မျိုးနွယ်ဖြစ်ပါတယ်။

“ဒေါသထွက်နေတဲ့ အစွန်းရောက်တွေ ရိုက်မှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ အခုကျနော် ကော်ဖီဆိုင်သွားတာ လူတွေကြည်နေပုံက တမျိုးကြီးပဲ။ ကျနော်က Kurds မိဘ ၂ ပါးကမွေးတာပါ၊ ဘာသာရေးနဲ့ဘာမှ မဆိုင်ပါဘူး။ ဒါပေမဲ့ ပြင်သစ်မှာ သတင်းတွေ၊ TV တွေ၊ နိုင်ငံရေးတွေ အကုန်လုံး နိုင်ငံခြားသား ဆန်ကျင်ရေးဘက်ကို လုံးဝပြောင်းလဲသွားခဲ့ပါပြီ။”

အကြမ်းဖက်တိုက်ခိုက်မှုတွေအပြီး ရွေ့ပြောင်းအခြေချသူတွေအပေါ် အထူးသဖြင့် မူဆလင်အပေါ်ဆန့်ကျင်မှုဟာ Marie Le Pen ဦးဆောင်တဲ့ NATIONAL FRONT လို့ခေါ်တဲ့ အမျိုးသားပါတီကို ထောက်ခံတဲ့သူတွေအကြား မှာ ပိုမိုတွင်ကျယ်လာပါတယ်။

Francis Nadizi ဟာ NATIONAL FRONT အဖွဲ့ဝင်တဦးဖြစ်ပါတယ်။

“Marie Le Pen က အင်မတန်ပြတ်သားတဲ့ စကားတခွန်းကို အမြဲပြောပါတယ်။ လူဝင်မှုကိစ္စကို ပြင်းပြင်းထန်ထန်ထိန်းချုပ်ရမယ်၊ နယ်စပ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ရမယ်။ ကပ်ဆိုးကြီးဆိုက်စေတဲ့ Schengen (ရှန်ဂန်) ဇုံ ကိုစွန့်လွှတ်ရမယ် ဆိုတာပဲဖြစ်ပါတယ်။”

ဒီလို ဥရောပက Schengen လို နယ်စပ်ဖွင့်ထားတာမျိုးကို ဆန့်ကျင်တဲ့ ပြင်သစ် National Front လို အမျိုးသားရေးဝါဒီတွေကို ရေခြားမြေခြားမှာလဲတွေ့နိုင်ပါတယ်။

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ Donald Trump အနိုင်ရခဲ့ရင် ပြင်သစ်မှာလဲ လူဝင်မှုဆန့်ကျင်တဲ့ လူပြိန်းကြိုက်နိုင်ငံရေးသမားတွေ ပိုအားတက်လာနိုင်တယ်လို့ ပြင်သစ်နိုင်ငံ တဝှမ်းရှိ ပြောင်းရွှေ့အခြေချ မူဆလင်တွေက ပြောကြပါတယ်။

AHMED LOUTFY ဟာ မူဆလင်ဘာသာဝင်တဦးဖြစ်ပါတယ်။

“ဒါဟာ လူမျိုးရေးခွဲခြားမှု ပိုဖြစ်စေပါလိမ့်မယ်။ အမေရိကားမှာရော ပြင်သစ်မှာပါ ပြဿနာတွေပိုများလာမယ်။ National Front ကတော့ ပြင်သစ်မှာ ထောက်ခံမှု ပိုရမှာပါပဲ။ Trump နိုင်တာကြည့်ပြီး ငါတို့ကော သူတို့လို ဘာကြောင့်မလုပ်နိုင်ရမှာလဲ လို့ ပြင်သစ်တွေက တွေးလာကြပါလိမ့်မယ်။”

ဒါပေမယ့် ဒီအမြင်ကို ရွှေ့ပြောင်းအခြေချ မူဆလင်တိုင်း သဘောတူကြတာမဟုတ်ပါဘူး။

Algeria မျိုးနွယ်ကဆင်းသက်လာတဲ့ Aissa Degdeg ကတော့ ဒါမဟုတ်ပါဘူး၊ သူအဲဒီလို မလုပ်ပါဘူးလို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံ ကျန်ဒေသတချို့မှာလဲ မူဆလင်တွေပြောင်းရွှေ့အခြေချတဲ့ကိစ္စဟာ အကဲဆတ်နေပါတယ်။ ဒါကတော့ နိုဝင်ဘာတုန်းက ပါရီမှာ တိုက်ခိုက်ခဲ့ သူတွေနေထိုင်တဲ့ဲမြို့မှာပါ။

အနေကြာလာသူ တချို့ကတော့ ဒီနိုဝင်ဘာတိုက်ခိုက်မှုကြောင့် မူဆလင်အိမ်နီချင်းတွေ အပေါ်အမြင်မပြောင်းဘူးလို့ ဆိုကြပါတယ်။

Patrick Laurens ဟာ Chartres မြို့မှာ အနေကြာတဲ့လူတယောက်ဖြစ်ပါတယ်။

“ကျနော်ကတော့ လူမျိုးခွဲခြားရေးဝါဒီမဟုတ်ပါဘူး။ မူဆလင်လည်း မူဆလင်ပဲ၊ ခရစ်ယာန်လည်း ခရစ်ယာန်ပဲ၊ ကိုယ်အယူနဲ့ကိုယ်ရှိကြမှာပဲ။ ဒါပေမဲ့ တယောက်ကိုတယောက်လေးစားရမယ်၊ ဒါဆို အားလုံးအဆင်ပြေမှာပဲ။ ခက်တာက လူတိုင်းဒီလိုမတွေးကြပါဘူး။”

ပြင်သစ်က မူဆလင်တွေ ဘယ်သူမှ Donald Trump ကိုမထောက်ခံကြပေမဲ့ သူရဲ့ပြိုင်ဘက်ကိုလဲ ကြိုက်သူအင်မတန်နည်းပါတယ်။ လက်ရှိအမေရိကန်အစိုးရရဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာမူဝါဒ အတွက် Hilary Clinton ကိုအပြစ်တင်ကြပါတယ်။ သူတို့လုပ်ခဲ့တဲ့ ဝင်ရောက်စွက်ဖက်ရေးမူကြောင့် အကြမ်းဖက်သမားတွေပိုမိုထွက်ပေါ်လာတယ်လို့ ဆိုကြကြောင်းပါခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG