ပြင်သစ်နိုင်ငံကို နာဇီတွေ သိမ်းပိုက်ခဲ့တဲ့အကြောင်းနဲ့ အဲဒီ သိမ်းပိုက်မှုကြောင့် တိုင်းပြည်အပေါ် သက်ရောက်မှုတွေအကြောင်း ဘ၀တလျှောက်လုံး စူးစမ်း လေ့လာခဲ့တဲ့ Patrick Modiano ကို ၂၀၁၄ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘဲလ်ဆု ချီးမြင့်လိုက်ပါတယ်။
နာဇီ ဂျာမနီတွေ အုပ်ချုပ်မှုအောက် ဘ၀အခြေအနေတွေကို စူးစမ်း လေ့လာတဲ့ တချိန်ထဲမှာပဲ အတိုင်းအဆမရှိ ကျယ်ပြန့်တဲ့ လူသားတို့မျှော်မှန်းချက် ကို ပေါ်လွင်အောင် ဖော်ထုတ်နိုင်စွမ်းရှိတဲ့ သူ့ရဲ့ စာပေတွေအတွက် အသက် ၆၉ နှစ်အရွယ် Patrick Modiano ကို ဆုချီးမြှင့်တာဖြစ်ကြောင်း ဆွီဒင် တော်ဝင်သိပ္ပံ အကယ်ဒမီက ကြာသပတေးနေ့မှာ ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ဆုကြေးငွေကတော့ အမေရိကန် ဒေါ်လာ ၁.၁ သန်း ဖြစ်ပါတယ်။
Modiano ကို ဒုတိယကမ္ဘာစစ်အပြီး ၂ လအကြာ ၁၉၄၅ ခုနှစ် ဇူလိုင်လမှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ မွေးဖွားခဲ့တာပါ။ သူ့အဖခင်ဟာ ဂျူး-အီတလီကပြားဖြစ်ပြီး စစ်အတွင်းက Belgian ရုပ်ရှင်မင်းသမီးနဲ့ ပါရီမြို့မှာ သူတို့ ၂ ဦး တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
ဂျူးလူမျိုး ဖြစ်ရတာ၊ နာဇီတွေရဲ့ သိမ်းပိုက်ခြင်း ခံခဲ့ရတာ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတိအကျ မသိနိုင်တဲ့ဘ၀ စတာတွေကို အဓိကထား ရေးသားလေ့ရှိသလို Modiano ဟာ လူသားတို့ရဲ့ မှတ်ဉာဏ်၊ လူတွေ မေ့ပျောက်ခံထားရတဲ့ ကိစ္စတွေ၊ လူတွေရဲ့ ၀ိသေသ လက္ခဏာတွေနဲ့ အပြစ် စတာတွေကို အဓိက ဖော်ကျူးရေးသားတဲ့ စာရေးဆရာ တယောက်ပဲ ဖြစ်ပါတယ်။
စာပေဆိုင်ရာ နိုဘဲလ်ဆုဟာ ဒီနှစ်အတွက် ကြေညာတဲ့ စတုတ္ထမြောက် နိုဘဲလ်ဆုပဲ ဖြစ်ပါတယ်။
ဒိုင်းနမိုက်ကို တီထွင်သူ စီးပွားရေးလုပ်ငန်းရှင်ကြီး Alfred Nobel ရဲ့ဆန္ဒအတိုင်း သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘဲလ်ဆု တွေကို ၁၉၀၁ ခုနှစ်ကစပြီး ချီးမြှင့်လာတာဖြစ်ပါတယ်။