သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမန်ခရီးသည်တင်လေယာဉ် ပြင်သစ်တောင်ပိုင်းမှာပျက်ကျ


ပြင်သစ်နိုင်ငံ တောင်ပိုင်း Alps တောင်တန်းဒေသမှာ ခရီးသည် နဲ့ လေယာဉ် အမှုထမ်း စုစုပေါင်း ၁၅၀ လောက် လိုက်ပါသွားတဲ့ Airbus 320 ဂျက်လေယာဉ်တစင်းဟာ ဒီကနေ့ အင်္ဂါနေ့အစောပိုင်းမှာ ပျက်ကျသွားခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူ အားလုံး သေဆုံးသွားနိုင်ဖွယ်ရာ ရှိတယ်လို့ ပြင်သစ်သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

ဂျာမနီက Germanwings လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၉၅၂၅ လေယာဉ်ဟာ အင်္ဂါနေ့ မနက်ပိုင်းမှာ စပိန်နိုင်ငံ ဘာစီလိုနား - Barcelona - ကနေ ဂျာမနီနိုင်ငံ Dusseldorf- ကိုပျံသန်းစဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီဒေသစံတော်ချိန် မနက် ၁၀ နာရီ ၄၇ မြေပြင်ကစတက်သွားပြီး ၅၂ မိနစ်အကြာ နှင်းဖုံးတဲ့ ပြင်သစ်အရှေ့တောင်ပိုင်းအရောက်မှာ လေယာဉ်ဆီက ခေါ်သံနောက်ဆုံး ကြားခဲ့တယ်လို့လည်း ပြောပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်တွေထဲက အများစုဟာ ဂျာမနီနိုင်ငံသားတွေ ဖြစ်ပြီး စပိန်နဲ့ တူရကီတွေလည်း ပါပေမယ့် ပြင်သစ်တော့ တယောက်မှ ပါပုံမရဘူးလို့ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်း- Francois Hollande - ကပြောပါတယ်။ အခုပျက်ကျတာဟာ ပြင်သစ်မြေပေါ်မှာ ဖြစ်တဲ့အတွက် ဝမ်းနည်းရကြောင်း ပြင်သစ်သမ္မတက ဂျာမနီဝန်ကြီးချုပ် Angela Merkel ကို ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဝန်ကြီးချုပ် မာကဲလ်ဟာ အံ့သြတုန်လှုပ်သွားခဲ့ကြောင်းနဲ့ ဒီနေ့အတွက် တခြားချိန်းဆိုချက်တွေကိုပါ ဖျက်ပစ်ခဲ့တယ်လို့ ဂျာမနီဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။ စပိန်ဝန်ကြီးချုပ် Mariano Rajoy ကလည်း ဒီဖြစ်ရပ်ကြောင့် ကြေကွဲဝမ်းနည်းရကြောင်း သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖေါ်ပြထားပြီး ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်း ကူညီမယ်လို့ ပြောပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၁၄၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါသွားတာ ဖြစ်ပါတယ်။ လေယာဉ်ပျက်ရဲ့ အပိုင်းအစတချို့ကို ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းက ဝေးလံခေါင်ဖျားဒေသမှာ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေ တွေ့ရှိထားပြီ ဖြစ်ပေမဲ့ ရှာဖွေရေး လုပ်သားတွေ အဲဒီနေရာရောက်အောင် သွားဖို့ ခက်ခဲနေတယ်လို့ အာဏာပိုင်က ပြောပါတယ်။ လေယာဉ်ဟာ ရေဒါကနေ ပျောက်မသွားခင်မှာဘဲ တချက်ခေါ်ခဲ့သေးတယ် လို့ အာဏာပိုင်တွေက ပြောပါတယ်။ Germanwings ဟာ ဂျာမနီလေကြောင်း Lufthansa ရဲ့ ဌာနခွဲတခု ဖြစ်ပါတယ်။

XS
SM
MD
LG