ပြင်သစ် TOTAL စွမ်းအင် ကုမ္ပဏီကြီးရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံကနေ ဒီနေ့ကစ ပြန်လည်ရုပ်သိမ်းသွားပါပြီ။ မြန်မာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်အရ အခုလို ရုပ်သိမ်းဖို့ လွန်ခဲ့တဲ့ ၆လကတည်းက ကြိုတင်အသိပေးထားခဲ့တာပါ။ ရတနာဓါတ်ငွေ့ပိုက်လိုင်းစီမံချက်ကနေ ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းမယ်ဆိုပြီး ပြင်သစ်ပိုင် TOTAL နဲ့အတူ အမေရိကန်ဖက်စပ် Chevron က ပြီးခဲ့တဲ့ ဇန်နဝါရီလက ကြေညာ အသိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေနေနဲ့ တရားဥပဒေစိုးမိုးရေး ဆိုးဝါးလာတာကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုအရပ်ရပ်အတွက် နစ်နာမှု တောင်းဆိုတာလည်း မလုပ်တော့ဘူးလို့လည်း Total ကုမ္ပဏီက အဲဒီတုန်းက ပြောဆိုထားပါတယ်။
အိန္ဒိယ သမုဒ္ဒရာထဲမှာရှိတဲ့ အဲဒီလုပ်ကွက်ကနေ ဓါတ်ငွေ့ပိုက်လိုင်းကတဆင့် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံနေရာတချို့က လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် အသုံးပြုနေတာပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာစစ်တပ်ရဲ့ အဓိက နိုင်ငံခြားဝင်ငွေလမ်းကြောင်းတွေ ဖြတ်တောက်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးရာမှာ TOTAL ကုမ္ပဏီလည်း ဖိအားပေးခံခဲ့ရပါတယ်။ ဒီသဘာဝဓာတ်ငွေ့လုပ်ငန်းကနေ မြန်မာအတွက် နိုင်ငံခြားဝင်ငွေအများဆုံးအဖြစ် တနှစ်ကို ဒေါ်လာ သန်း တစ်ထောင်ကျော် ရစေတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကြီးက ပြောထားပါတယ်။
==================