သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ဂျာနယ်ရုံး တိုက်ခိုက်ခဲ့သူတွေကို ဖော်ထုတ်နိုင်ပြီ


သေနတ်သမားတွေ ချန်ရစ်တဲ့ကားလို့ မသင်္ကာတဲ့အတွက် စစ်ဆေးနေစဉ်
သေနတ်သမားတွေ ချန်ရစ်တဲ့ကားလို့ မသင်္ကာတဲ့အတွက် စစ်ဆေးနေစဉ်

ပဲရစ်မြို့က သရော်စာတွေရေးတဲ့ အပတ်စဉ်ထုတ် Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဗုဒ္ဓဟူးနေ့က ဝင်ရောက်စီးနင်းပြီး လူအများအပြားကို ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာမှာ ပါဝင်သူတွေလို့ သံသယရှိသူ သေနတ်သမား ၃ ယောက်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ပြင်သစ်ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြင်သစ်တာဝန်ရှိသူတွေက ပြောပါတယ်။

သေနတ်သမား ၂ ယောက်ဟာ အသက် ၃၄ နှစ်အရွယ် Said Kouachi နဲ့ အသက် ၃၂ နှစ် အရွယ်ရှိတဲ့ သူ့ရဲ့ညီဖြစ်သူ Cherif တို့ဖြစ်ပြီး နောက်တယောက်ကတော့ အသက် ၁၈ နှစ်အရွယ် Hamyd Mourad ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ထဲက တယောက်ရဲ့ ID ကို ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုလုပ်အပြီး စွန့်ပစ်သွားတဲ့ ကားအတွင်းကနေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Kouachi တို့ ညီအကိုဟာ ပဲရစ်မြို့မှာ နေထိုင်သူတွေဖြစ်ပြီး Mourad ကတော့ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Reims က ဖြစ်ပါတယ်။ သူတို့ထဲက ၁ ဦးဟာ အကြမ်းဖက်မှုနဲ့ စွပ်စွဲခံရဖူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း လူ ၁၂ ဦး သေဆုံးပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ Charlie Hebdo အပတ်စဉ်ထုတ် သရော်စာစောင် မဂ္ဂဇင်းဟာ မကြာခန ဆိုသလို မူဆလင် အစွန်းရောက်ဝါဒီတွေကို လှောင်ပြောင်သရော်တဲ့ ရုပ်ပြောင်ကာတွန်းတွေ ထည့်သွင်းဖော်ပြလေ့ ရှိပါတယ်။

မျက်နှာဖုံးစွပ်ထားတဲ့ တိုက်ခိုက်သူ သေနတ်သမားတွေဟာ မဂ္ဂဇင်းရဲ့ အယ်ဒီတာအစည်းအဝေး ပြုလုပ်နေစဉ် အဆောက်အဦးအတွင်းကို ဝင်ရောက်လာပြီး ဘုရားသခင်ဟာ ကြီးမြတ်တယ်ဆိုတဲ့ အာရပ်ဘာသာစကားကို ကြွေးကြော်ပြီး သတင်းခန်းအတွင်းမှာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ သူတို့ဟာ ပြင်သစ်ဘာသာစကားကို ကောင်းကောင်း ပြောနိုင်ကြသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက ဝမ်းနည်းကြောင်း ပြောဆိုကြသလို၊ ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုမျိုးကြောင့် ကျန်တဲ့ တကမ္ဘာလုံးကို စည်းရုံးတဲ့အား ဖြစ်စေတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။ ပြင်သစ်နိုင်ငံအတွင်းက မူဆလင် အဖွဲ့အစည်းတွေကလည်း တိုက်ခိုက်မှုအပေါ် ရှုံ့ချလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ တင်ပြရေးသားခွင့် ဆိုတာဟာ စံထားရမယ့် အရာတွေဖြစ်တယ်လို့ ပြောပါတယ်။ တကမ္ဘာလုံးက စံထားရတဲ့ အရာတွေဖြစ်တယ်၊ ဒါကို တိုက်ခိုက်လို့ရပေမဲ့ အမြစ်ပြတ်သွားအောင် လုပ်လို့တော့မရဘူး၊ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတခွင်မှာရှိတဲ့ လူကောင်းသူကောင်းတွေက အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုကို ဘယ်တော့မှ လက်မခံလို့ ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG