သုံးရလွယ်ကူစေသည့် Link များ

အကြမ်းဖက်မှုမှာ သေဆုံးသူရဲအရာရှိတွေကို ပြင်သစ်ဂုဏ်ပြု

  • ဗွီအိုအေ (မြန်မာဌာန)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးဟာ လွတ်မြောက်ရေးအတွက် အသက်ပေး စတေးခဲ့ကြသူတွေ ဖြစ်တယ် လို့ ပြင်သစ်သမ္မတ Francois Hollande က ချီးကျုးလိုက်ပါတယ်။

ရက်စက်ကြမ်းကြုတ်မှုတွေ အပေါ်မှာ လွတ်လပ်ခွင့်တွေက အောင်ပွဲခံနိုင်ခဲ့တဲ့အပေါ် ကျေးဇူးတင်တဲ့အကြောင်း၊ ကမ္ဘာ့ခေါင်းဆောင်တွေ ရှေ့မှောက်မှာ ညီညီညွတ်ညွတ် သဟဇာတရှိရှိ နေထိုင်နိုင်တဲ့အကြောင်း ပြင်သစ်လူထုက ပြသနိုင်ခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်တဲ့အကြောင်း ပဲရစ်မြို့တော်က ရဲဌာနချုပ်မှာ ကျင်းပတဲ့ ပြင်သစ်နိုင်ငံရဲ့ ဂုဏ်ထူးဆောင် Legion of Honor ဆုပေးပွဲ အခမ်းအနားမှာ သမ္မတက ပြောကြားခဲ့တာပါ။

တချိန်တည်းလိုလိုမှာပဲ အကြမ်းဖက်မှုအတွင်း သေဆုံးခဲ့တဲ့ ဂျုးလူမျိုး ၄ ယောက်ကို သင်္ဂြိုဟ်တဲ့ အစ္စရေးလ်နိုင်ငံ ဂျေရုဆလင်က ဈာပန အခန်းအနားမှာတော့ အစ္စလာမ် အစွန်းရောက်တွေရဲ့ အကြမ်းဖက်ဝါဒဟာ ဂျုးတွေအတွက် သာမက လူသားထုအတွက်ပါ ရန်သူဖြစ်တဲ့အကြောင်း အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က ပြောကြားခဲ့ပါတယ်။

ယဉ်ကျေးမှုနောက်ခံ ပေါင်းစုံက လူတွေအားလုံး အနေနဲ့လည်း အစွန်းရောက်သမားတွေကို ရှင်းလင်းဖို့ ညီညွတ်ကြရမယ့် အချိန်တန်ပြီလို့လည်း ဈာပန အခမ်းအနား တက်ရောက်လာသူတွေကို ပြောခဲ့တာပါ။

ပဲရစ်မြို့စွန်က ဂျုးကုန်စုံဆိုင်တခုမှာ ပြီးခဲ့တဲ့ သောကြာနေ့က တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ဂျုးလူမျိုး ၄ ယောက်ရဲ့ အလောင်းတွေကိုတော့ ဒီကနေ့ပဲ ဂျေရုဆလင်က သုဿန်မှာ သင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပထမဆုံး အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက်ကတော့ လာမယ့် စာစောင် မျက်နှာဖုံးပုံမှာ အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ တမန်တော် မိုဟာမက်ပုံကို သုံးမှာဖြစ်တဲ့အကြောင်း ကြေညာခဲ့တာပါ။ မျက်နှာဖုံးပုံအဖြစ်သုံးမယ့် ဒီဇိုင်းကို မီဒီယာတွေကို ပြသရာမှာတော့ အားလုံးကို ခွင့်လွှတ်ပါတယ်ဆိုတဲ့ စာတန်းအောက်မှာ တမန်တော် မိုဟာမက်က သူဟာ ချာလီပါ ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ထားတာကို တွေ့ကြရပါတယ်။

XS
SM
MD
LG