ပြင်သစ်တောင်ပိုင်းမှာ အကြမ်းဖက်မှု ဆန့်ကျင်ရေး ဆောင်ရွက်ချက်အဖြစ် ပြင်သစ်ရဲက လူ ၁၂ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။
တောင်ပိုင်း ဆိပ်ကမ်းမြို့ မာဆေးလ် အနီးမှာ သေနတ်တွေ၊ လက်နက်ခဲယမ်း မီးကျောက်တွေနဲ့ လူ ၉ ယောက်ကို ရဲက အင်္ဂါနေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဗုံးလုပ်တဲ့ ပစ္စည်းတွေနဲ့အတူ အီတလီမှာ ဖမ်းထားတဲ့ လူတယောက်နဲ့ ဆက်စပ်ပြီး အယ်လ်ဂျီးရီးယားက လူ ၃ ယောက်ကို မာဆေးလ်နဲ့ ဘော်ဒိုးမှာ ဖမ်းဆီးလိုက်ပါတယ်။
အာဖဂန်နစ္စတန်မှာ သင်တန်းတက်ခဲ့ပြီးတဲ့နောက် စစ်သွေးကြွတွေဟာ စာရွက်စာတမ်း အတုတွေနဲ့ ပြင်သစ်ကို ပြန်လာတာ ဖြစ်တယ်လို့ အဲဒီ ၃ ယောက်ကို သံသယ ရှိပါတယ်။ ဒီဖမ်းဆီးမှု ၂ ခု အဆက်အစပ် မရှိပါဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗြိတိန်၊ အမေရိကန်၊ ဂျပန်နဲ့ ဆွီဒင်နိုင်ငံတွေမှာ သူတို့ နိုင်ငံသားတွေကို ဥရောပမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားကြတဲ့ အချိန်မှာ အခုလို ဖမ်းဆီးမှုတွေက ဖြစ်ပေါ်လာခဲ့တာပါ။
ဥရောပမှာရှိတဲ့ သူတို့ရဲ့ အဆက်အသွယ်တွေနဲ့ အယ်ကိုင်ဒါက တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတိပေးထားပါတယ်။ အကြမ်းဖက်သမားတွေဟာ အများပြည်သူဆိုင်ရာ နေရာတွေရော၊ ပုဂ္ဂလိကဆိုင်ရာ နေရာတွေကိုပါ ပစ်မှတ်ထားပြီး အမျိုးမျိုး တိုက်နိုင်တယ်လို့ ဒီသတိပေးချက်မှာ ဖော်ပြထားပါတယ်။