အကြမ်းဖက် တိုက်ခိုက်မှုတရပ်အတွက် ပြင်သစ်နိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ ဒီတခါ အကြီးအကျယ် ခြိမ်းခြောက်မှုလောက် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူးလို့ ပြင်သစ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှု တိုက်ဖျက်ရေး အကြီးအကဲ ဘားနဒ် ဆကာရှိနိ (Bernard Squarcini) က စနေနေ့က ထုတ်ဝေတဲ့ ပြင်သစ် သတင်းစာတစောင်ထဲက တွေ့ဆုံမေးမြန်းခန်း တခုမှာ ပြောကြားခဲ့ပါတယ်။
Maghreb ခေါ် မြောက် အာဖရိက အစ္စလာမ် နိုင်ငံ ၅ နိုင်ငံမှာ အခြေစိုက်တဲ့ Al Qaeda စစ်သွေးကြွအဖွဲ့က ပြင်သစ်နိုင်ငံထဲက နေရာတွေနဲ့ နိုင်ငံတကာမှာရှိတဲ့ ပြင်သစ်နိုင်ငံသားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာမှာကို အဓိက စိုးရိမ်နေရတယ်လို့ မစ္စတာ ဆကာရှိနိ က ဆိုပါတယ်။ အစွန်းရောက် အစ္စလာမ်ဘာသာဝင် အဖြစ် ပြောင်းလဲခံယူလိုက်တဲ့ ပြင်သစ်နိုင်ငံသား သို့မဟုတ် ယီမင်နိုင်ငံ၊ အာဖဂန်နစ္စတန် နိုင်ငံတွေမှာ အကြမ်းဖက်သင်တန်းတွေ တက်ပြီး ပြန်လာတဲ့ ပြင်သစ်နိုင်ငံသားရဲ့ တိုက်ခိုက်မှုကို ပြင်သစ်လုံခြုံရေး တပ်ဖွဲ့တွေက ထိတ်လန့်နေကြတယ်လို့လည်း မစ္စတာ ဆကာရှိနိက ပြောပါတယ်။
အစ္စလာမ်ဘာသာဝင် ပြင်သစ်နိုင်ငံသား ၆ သန်းထဲက အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်မယ့်သူလို့ စိုးရိမ်ရသူ ၃၀၀ လောက်ပဲ ရှိတယ်လို့ မစ္စတာ ဆကာရှိနိက ပြောပြီးတော့ အခြေအနေ အရပ်ရပ်ကို ပြင်သစ် အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့် နေကြတယ်လို့လည်း ဆိုပါတယ်။ ကြိုတင်စီစဉ်တဲ့ အကြမ်းဖက် တိုက်ခိုက်တာမျိုး မခံရအောင် ပြင်သစ်နိုင်ငံက ကြိုးပမ်း လုပ်ဆောင်နေပြီး ပြည်တွင်းပြည်ပက ပြင်သစ် ထောက်လှမ်းရေး လုပ်ငန်းတွေရဲ့ အခြေခံတွေကို ပြုပြင် ပြောင်းလဲထားတယ်လို့လည်း မစ္စတာ ဆကာရှိနိက ပြောပါတယ်။
ပျမ်းမျှခြင်းအားဖြင့် အကြမ်းဖက် တိုက်ခိုက်ခံရမယ့် အစီအစဉ် တစ်နှစ်ကို ၂ ခုလောက် ပြင်သစ်နိုင်ငံက ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ အကြမ်းဖက် တိုက်ခိုက်မှု တိုက်ဖျက်ရေး အကြီးအကဲ ဘားနဒ် ဆကာရှိနိ (Bernard Squarcini) က ပြင်သစ်သတင်းစာကို ပြောကြားခဲ့ပါတယ်။