သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ လာမည်


မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်အတွင်း ပြင်သစ်သမ္မတနဲ့ တွေ့ဆုံစဉ် (ဇူလိုင် ၁၇၊ ၂၀၁၃)
မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်အတွင်း ပြင်သစ်သမ္မတနဲ့ တွေ့ဆုံစဉ် (ဇူလိုင် ၁၇၊ ၂၀၁၃)
ပြင်သစ်နိုင်ငံ ပြည်ပကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စ နီကိုးလ် ဘရိ(က်) (Nicole Bricq) ဟာ အသေးစားနဲ့ အလတ်စား ပြင်သစ် စီးပွားရေးလုပ်ငန်းရှင် ၁၅ ဦးပါ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီးတော့ ဇူလိုင်လ ၃၀ ရက်၊ အင်္ဂါနေ့မှာ မြန်မာနိုင်ငံဆီ လာရောက်ပါမယ်။ ခရီးစဉ်အတွင်း မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီးတွေအပြင် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI က တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ပြင်သစ် ကုန်သွယ်ရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပြင်သစ်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ဘယ်လုပ်ငန်းတွေလုပ်ဖို့ စိတ်ဝင်စားကြတယ်ဆိုတာတွေကို ရန်ကုန် မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ခဲ့ပါတယ်။

ပြင်သစ် ကုန်သွယ်ရေးဝန်ကြီး မစ္စ ဘရိ (က်) ဟာ အသေးစားနဲ့ အလတ်စား ပြင်သစ်စီးပွားရေး လုပ်ငန်းရှင် ၁၅ ဦးနဲ့အတူ မြန်မာနိုင်ငံဆီ အင်္ဂါနေ့မှာ ရောက်လာမယ့်အကြောင်း ရန်ကုန်မြို့၊ ပြင်သစ်သံရုံးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

ခရီးစဉ်အတွင်း အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ ဒါ့အပြင် UMFCCI က တာဝန်ရှိသူတွေနဲ့ အင်္ဂါနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံဖို့ရှိတဲ့အကြောင်း UMFCCI အတွင်းရေးမှူး ဒေါက်တာမျိုးသက်က ဗွီအိုအေကို ပြောပါတယ်။

“မနက်ဖြန် ကျနော်တို့နဲ့ တွေ့မှာပါ။ လာမှာကတော့ အဓိကကတော့ SMEs တွေပါတယ်။ ကုမ္ပဏီလူကြီးတွေ ၁၅ ဦးပါတယ်။ အဓိကကတော့ Energy တို့ Automobile ပါမယ်။”

လွန်ခဲ့တဲ့ ၁၀ ရက်နီးပါးက သမ္မတဦးသိန်းစိန် ပြင်သစ်နိုင်ငံဆီ သွားရောက်ခဲ့ပြီး ပြင်သစ်သမ္မတ ဖရွန်ဆွာ အော်လန်းဒ် (Francois Hollande) နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အခု ကုန်သွယ်ရေးဝန်ကြီးရဲ့ ခရီးစဉ် ဖြစ်လာတာပါ။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်လာပြီးနောက်ပိုင်း သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြဌာန်းခဲ့ပြီးတော့ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။

ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဌာန်းပြီးတဲ့နောက် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့တွေ လာခဲ့တဲ့ထဲမှာ အမေရိကန်ပြည်ထောင်စုက အများဆုံးဖြစ်ပြီး အခု ပြင်သစ်ဝန်ကြီးနဲ့အဖွဲ့ဟာ ဒုတိယအဖွဲ့ ဖြစ်တယ်လို့ ဒေါက်တာ မျိုးသက် က ပြောပါတယ်။

ပြင်သစ်နိုင်ငံရဲ့ တိုတယ်လ် ရေနံကုမ္ပဏီဟာလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းလုပ်နေတာ အတော်ကြာပါပြီ။ နောက်ထပ်လည်း ပြင်သစ်က လုပ်ငန်းရှင်တွေအနေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြတဲ့အပြင် တခြား စိတ်ဝင်စားတဲ့ ကဏ္ဍတွေလည်း ရှိနေတာကြောင့် ပြင်သစ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ဝင်လာဖို့ အလားအလာ ကောင်းနေတယ်လို့ UMFCCI အတွင်းရေးမှူး ဒေါက်တာမျိုးသက်က ပြောပါတယ်။

“အထူးသဖြင့်တော့ Oil & Gas မှာနဲ့ IC ရယ် Automobile ဒီ ၃ ခုက focal ထားပြီး လာတာဖြစ်မယ်လို့ ကျနော်ယူဆတယ်လေ။ ကျနော်တို့မှာကလည်း source နဲ့ပတ်သက်လို့ကလည်း ကျနော်တို့မှာ အင်မတန် ကံကောင်းထောက်မ စွာ ထပ်ပြီးတော့ တွေ့နေတာဆိုတော့။ ကျနော်တို့ဆီမှာ reform လုပ်တဲ့အချိန် နဲ့ဆိုတော့ ဒီအပေါ်မှာ ပိုပြီးတော့ စိတ်ဝင်စားလိမ့်မယ်ထင်တယ်။ အဲ့ဒီအပေါ်မှာပဲ ကျနော်ထင်တယ် သူတို့ ဒီမှာ ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုဟာ ပိုပြီးတော့ များလိမ့်မယ်လို့ ကျနော် ထင်တယ်။”

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ EU က ချမှတ်ခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှု အတော်များများကို ရုပ်သိမ်းခဲ့ပြီးဖြစ်သလို ကုန်သွယ်ရေးဆိုင်ရာ အထူးဦးစားပေး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့လက ပြန်ပြီး ထည့်သွင်းခဲ့တာကြောင့် အခွင့်အလန်း တွေ ပိုပွင့်လာတယ်လို့ နှစ်ဘက်လုပ်ငန်းရှင်တွေက မြင်ထားကြတာပါ။

လက်ရှိအချိန်ထိတော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ အများဆုံးအဖြစ် ရှိနေဆဲပါ။ ဒါပေမဲ့လည်း အမေရိကန်နဲ့ ပြင်သစ်လို အနောက်နိုင်ငံတွေက ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု တဖြည်းဖြည်းများလာနေပြီး ဂျပန်နိုင်ငံ ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၅ ခုနှစ်ရောက်ရင် အများဆုံးဖြစ်သွားဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ မှတ်ပုံတင် ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောထားပါတယ်။

ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး မစ္စ နီကိုးလ် ဘရိက်ဟာ ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီခွဲကျရင် ရန်ကုန်မြို့ ပြင်သစ်သံရုံးမှာ ပြင်သစ် ကုန်သွယ်ရေးကော်မရှင်ရုံးကို ဖွင့်လှစ်ပေးဖို့ရှိပြီး ပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ရန်ကုန်မြို့၊ ပြင်သစ်သံရုံးက ပြောပါတယ်။
XS
SM
MD
LG