သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လွတ်မြောက်ခါစ အထင်ကရ နိုင်ကျဉ်းတွေနဲ့ တွေ့ဆုံ


ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လွတ်မြောက်ခါစ အထင်ကရ နိုင်ကျဉ်းတွေနဲ့ တွေ့ဆုံ
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လွတ်မြောက်ခါစ အထင်ကရ နိုင်ကျဉ်းတွေနဲ့ တွေ့ဆုံ

မြန်မာ့နိုင်ငံရေး အခြေအနေဟာ မျှော်မှန်းထားသလို ပြောင်းလဲ တိုးတက်မှု မရှိသေးဘူးလို့ မကြာခင်က လွတ်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး အလန်ယူပေ (Alain Juppe) စနေနဲ့ တနင်္ဂနွေနေ့တို့မှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ ဟာ မကြာခင်က အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ကိုမြအေးတို့နဲ့ အတူ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခွန်ထွန်းဦး တို့နဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့က ပြစ်သစ်သံရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေး အခြေအနေဟာ တိုးတက်ပြောင်းလဲမှု ရှိတယ်ဆိုပေမဲ့ ဆက်ပြီး ပြုပြင် ပြောင်းလဲစရာတွေ လိုနေသေးတဲ့အကြောင်း ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

“ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားများထဲက ကိုကိုကြီးရယ်၊ ကျနော်ရယ်ပေါ့နော်။ နောက်တစ်ခါ SNLD ပါတီက ဦးခွန်ထွန်ဦးပေါ့နော်။ ဒီသုံးယောက်နဲ့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့ပါတယ်။ အဓိက ကတော့ လက်ရှိဖြစ်ပေါ် တိုးတက်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ်မှာ ကျနော်တို့ရဲ့ အမြင်ပေါ့ဗျာ။ ဒီအပေါ် ကျနော်တို့ရဲ့ အမြင်တွေကို အဓိကထားပြီး မေးတာပါပဲ။ ဒါကတော့ ဥပမာပြောရရင် ဂျာနယ်တွေ၊ မီဒီယာတွေပိုင်းက ပြောမယ်ဆိုရင် မီဒီယာတွေက အနည်းငယ် အရင်ကထက် လွတ်လပ်မှု၊ ပွင့်လင်းမှု ရှိလာတာကတော့ အမှန်ပဲလေ။ သို့သော်လည်း ကျနော်တို့ လိုချင်တဲ့ တိုးတက်ပြောင်းလဲမှု ကိုတော့ မတွေ့သေးဘူးပေါ့နော်။ ယေဘုယျအားဖြင့်တော့ တိုးတက်ပြောင်းလဲမှုကို ကျနော်တို့ သတိနဲ့ထားပြီး စောင့်ကြည့်နေတယ် ဆိုတာကို ကျနော်တို့ ပြောခဲ့ပါတယ်။”

မြန်မာ့ ဒီမိုကရေစီ တိုးတက်ဖို့အတွက် ဥရောပသမဂ္ဂ အနေနဲ့ ရှေ့ဆက်ပြီး ပါဝင် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေကို ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက ပြန်လည် ဆွေးနွေးခဲ့တာတွေကိုတော့ ကိုမြအေးက အခုလို ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးအတွက်ကို ဆက်လက်ပြီးတော့မှ ဥရောပသမဂ္ဂနဲ့ ပေါင်းပြီးတော့ ဆက်လက်ပြီး လုပ်ကိုင်သွားမယ့်အကြောင်း ကျနော်တို့ကို ပြောပြပါတယ်ခင်ဗျ။”

တနင်္ဂနွေနေ့မှာတော့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ထပ်ပြီး တွေ့ဆုံခဲ့ပါတယ်။

“နှစ်ယောက်တည်းပဲ။ ကျနော်တို့ လောလောဆယ် ဒီနှစ်ယောက်တည်းပဲ တွေ့ပါတယ်ခင်ဗျ။ နောက်တစ်ခါ ဒီနေ့မှာ ကိုမင်းကိုနိုင်နဲ့ ဒီကနေ့ကျမှ ထပ်တွေ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုမင်းကိုနိုင်နဲ့ ကျနော်တို့ မနေ့က တွေ့ဖို့ရှိတယ်လေ။ ဒါပေမဲ့ ကိုမင်းကိုနိုင်က ရန်ကုန်ရောက်တာ ည ၉ နာရီလောက်မှ ရောက်တယ် ဆိုတဲ့အခါကျတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒီနေ့မှပဲ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကိုမင်းကိုနိုင်နဲ့ တွေ့တာပါ။ ဒီနေ့မှ ရန်ကုန်ကို ရောက်တဲ့သူတွေက၊ အခုထက်ထိဆိုရင် ဗန်းမော်ထောင်က လွတ်လာတဲ့သူတွေဆိုရင် မရောက်ကြသေးဘူးလေ။ ဒီနေ့မှ ရန်ကုန်ကို ရောက်တဲ့သူက ဆုံမှာပါ။ အဲဒီတော့မှ ကျနော်တို့ နောက်တစ်ရက် နှစ်ရက်နေတော့မှ တွေ့ဖြစ်မှာပါ။”

ပြင်သစ်နိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ဥရောပသမဂ္ဂဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း စီးပွားရေးအရ ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ထားတာ ဖြစ်ပါတယ်။ အခု ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးရဲ့ အခုခရီးစဉ်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပထမဆုံး လာရောက်တဲ့ ပြင်သစ်ရဲ့ အဆင့်အမြင့်ဆုံး သံတမန် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဝန်ကြီး မစ္စတာ အလန်ယူပေ ဟာ တနင်္လာနေ့မှာတော့ နေပြည်တော်ကို သွားရောက်ပြီး မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဦးသိန်းစိန်နဲ့ မတွေ့ဆုံခင်မှာ မကြာခင်က အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာဖြစ်ပြီး မကြာခင် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တော့မယ့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဆွေးနွေးပြီး ဖြစ်ပါတယ်။

XS
SM
MD
LG