သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ရွှေတိဂုံဘုရားမှာ ဆုတောင်း


ရွှေတိဂုံစေတီတော်တွင် ပြုလုပ်သည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်လာသူများ။ (စက်တင်ဘာ ၄၊ ၂၀၁၁)
ရွှေတိဂုံစေတီတော်တွင် ပြုလုပ်သည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်လာသူများ။ (စက်တင်ဘာ ၄၊ ၂၀၁၁)

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ရှိနေကြတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ရည်စူးပြီး ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လွှတ်တော်အတွင်းမှာ အဆိုပြု တင်ပြ ပြောဆိုတာတွေ ရှိနေသလို ပြည်တွင်းပြည်ပမှာလည်း တောင်းဆိုမှုတွေ ဖြစ်ပေါ်နေတဲ့ တချိန်တည်းမှာပဲ အခုလို ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ရွှေတိဂုံ စေတီတော်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲဟာ အခုလက်ရှိ ကာလအတွင်း လူအများဆုံး တက်ရောက်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ပြည်တွင်းမှာရော ပြည်ပမှာပါ တောင်းဆိုမှုတွေ ရှိနေပေမဲ့လည်း အခုချိန်ထိ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာခြင်း မရှိသေးတဲ့အတွက် ဒီကနေ့ ဝတ်ပြုဆုတောင်းပွဲကို ကျင်းပခဲ့တာ ဖြစ်တယ်လို့ ဒီအခမ်းအနားကို ဦးဆောင်ကျင်းပခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကွန်ရက်အဖွဲ့ဝင် ကိုအောင်ဇော်ထွန်းက အခုလို ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသား မိသားစုတွေက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုရဲ့ ရလဒ်ကို ဒီနေ့အချိန်မှာ ထောင်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရော၊ ထောင်အပြင်မှာ ရှိနေတဲ့ ပြည်သူလူထုတွေက မျှော်လင့်နေကြတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီလို မျှော်လင့်နေတဲ့ အချိန်မှာ ပြည်သူတွေ မျှော်လင့်ထားသလို ရလဒ်ကောင်းတွေက မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ဖြစ်ပေါ်လာမှု မရှိဘူး။

“မရှိတဲ့ အခါမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ပြဿနာဟာ မေ့လျော့ထားလို့ မရဘူး၊ မြန်မြန်ဆန်ဆန် ဖြေရှင်းပေးဖို့ လိုတယ် ဆိုတာကို အကျဉ်းသား မိသားစုတွေ အနေနဲ့ ခံစားချက်တွေ ဖြစ်ပေါ်တယ်။ ဖြစ်ပေါ်တဲ့ အခါကျတော့ နိုင်ငံရေး အကျဉ်းသားတွေ ခံစားနေရတဲ့ ဒုက္ခနဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေရဲ့ ဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒတွေကို ဖော်ထုတ်ဖို့ ဆိုပြီးတော့ ဒီနေ့ ရွှေတိဂုံဘုရားမှာ စုဝေးပြီး လုပ်ကြတာပါ။”

ဒါ့အပြင် စနေထောင့်မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ရက်အဖွဲ့က ၁/၂၀၁၁ ကို ထုတ်ပြန်ကြေညာလိုက်ပြီး အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရေးဟာ လေးနက် အကျိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်ဆိုတာ သက်သေပြဖို့၊ အကျဉ်းသားတွေရဲ့ ထောင်လက်စွဲ ဥပဒေပါ ခံစားခွင့်တွေကို ပြန်လည်ရရှိဖို့၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဥပဒေမဲ့ ဖမ်းဆီးတာတွေ မလုပ်ကြဖို့ စတာတွေ ပါဝင်တယ်လို့ ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

ဒီအခမ်းအနားကို နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ၊ အကျဉ်းသား မိသားစုဝင်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ရက်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ တခြား ကွန်ရက်အဖွဲ့ဝင်တွေနဲ့ လူရာပေါင်းများစွာ တက်ရောက်ခဲ့ကြတယ်လို့ ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

လက်ရှိ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသူ ၂ ဦးရဲ့ မိသားစုဝင်ဖြစ်တဲ့ ဒေါ်စုစုကြည်ကတော့ ဒီကနေ့ ဝတ်ပြုဆုတောင်းပွဲ အခမ်းအနား တက်ရောက်ခဲ့တာနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာနိုင်ချေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အန်တီတို့ ဘာမျှော်လင့်ချက်နဲ့လဲဆိုတော့ အန်တီတို့က ဒီမိုကရေစီ နိုင်ငံလည်း ဖြစ်သွားပြီ၊ သမ္မတလည်း ဖြစ်ပြီ၊ အဲဒီမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောတယ်။ ယုံကြည်ချက်၊ ခံယူချက်နဲ့ ကျနေတဲ့သူတွေ အများကြီးရှိတဲ့ အထဲမှာ မလွတ်မြောက်သေးတဲ့အတွက် အန်တီတို့မှာ အားကိုးစရာ ဗုဒ္ဓဘာသာ ဘုရားကြီးဖြစ်တဲ့ ရွှေတိဂုံဘုရားမှာ သွားပြီးတော့ ဆုတောင်းတယ်။ ဘုရားမှတပါး ကိုးကွယ်ရာမရှိ၊ အဲဒါကြောင့်မို့ သွားဆုတောင်းပြီး လွတ်မြောက်အောင်လို့၊ ယုံကြည်ချက်၊ ခံယူချက်နဲ့ ခြွင်းချက်မရှိ လွတ်မြောက်အောင် အန်တီတို့ သွားဆုတောင်းတာပါ။

“အန်တီတို့ အကောင်းမြင်ထားလားဆိုတော့ လူတွေက ပြောနေကြတယ်၊ ဒါပေမဲ့ အန်တီက ပါးစပ်နဲ့ ပြောနေတဲ့ဟာကို အန်တီ့အနေနဲ့ မယုံနိုင်ဘူး။ လက်တွေ့ လွတ်လာတော့မှပဲ အန်တီ ဒါကို ယုံကြည်မယ်။ အဲဒီတော့ အန်တီ အခုချိန်မှာတော့ ယုံလားဆို မယုံနိုင်ဘူး။”

ပြီးခဲ့တဲ့လအတွင်းမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင် မြန်မာအစိုးရ အာဏာပိုင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေး ပြောဆိုတာတွေ၊ အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြောဆိုတာတွေ လုပ်ခဲ့ပြီး အင်းစိန် အကျဉ်းထောင်ကိုလည်း သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသား တချို့နဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ တက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ခဲ့တာကြောင့် အကျဉ်းသားတွေ လွတ်မြောက်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ရှိနေပေမဲ့လည်း အခုချိန်ထိတော့ အများမျှော်လင့်ထားသလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာခြင်းတော့ မရှိသေးပါဘူး။

XS
SM
MD
LG