သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်


လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားနေသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (ဒီဇင်ဘာလ ၃၁၊ ၂၀၁၁)
လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားနေသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (ဒီဇင်ဘာလ ၃၁၊ ၂၀၁၁)

လူတွေရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်ထားရင် လူတွေမှာ မခံချင်စိတ်တွေ ထွက်ပေါ်လာပြီး ပဋိပက္ခတွေ ဖြစ်လာတတ်တာကြောင့် လွတ်လပ်မှုကို လူတိုင်းက တန်ဖိုးထားကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ တော်ဝင်စင်တာမှာ ကျင်းပတဲ့ အနုပညာရှင်တိုင်း လွတ်လပ်စွာ တွေးခေါ်ဖန်တီးတတ်စေဖို့ ရည်ရွယ်ပြုလုပ်တဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ အခုလို ပြောသွားတာပါ။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

လူသားတွေအနေနဲ့ လွတ်လပ်ခြင်းကို တန်ဖိုးထားကြဖို့အပြင် အနုပညာရှင်တွေ အနေနဲ့လည်း လွတ်လပ်စွာ တွေးခေါ် ဖန်တီးတတ်စေဖို့ ရည်ရွယ်ပြီး ဒီ ရုပ်ရှင်ပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်မှုရဲ့ အရေးကြီးပုံနဲ့ပတ်သက်ပြီး အခုလို ပြောသွားတာပါ။

“တင်ပြလာတဲ့ ဂီတပညာရှင်တွေ အနုပညာရှင်တွေကို နားထောင်လိုက်တဲ့အခါကျတော့ လွတ်လပ်ခြင်းက ဘယ်လောက် အရေးကြီးသလဲဆိုတာ သိသာပါတယ်။ လွတ်လပ်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ လူတွေရဲ့ လွတ်လပ်မှုကို သိပ်ပြီးတော့ ဖိနှိပ်ထားရင် မခံချင်စိတ်တွေ ဖြစ်လာပါတယ်။ ဒါကလည်း သီချင်းတစ်ပုဒ်မှာ ကြားလိုက်ရပါတယ်။ အဲဒီလို မခံချင်စိတ်တွေ ဖြစ်လာတဲ့အခါမှာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ပဋိပက္ခတွေလည်း ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့ မှန်ကန်တဲ့ လွတ်လပ်မှုဆိုတာဟာ ကိုယ့်ရဲ့ လွတ်လပ်မှုကို ကိုယ်တန်ဖိုးထားသလို သူတပါးရဲ့ လွတ်လပ်ခွင့်ကိုလည်း တန်ဖိုးထားပြီးတော့ အဲဒီ လွတ်လပ်ခွင့်တွေကို သုံးသင့်သုံးထိုက်တဲ့ ပုံစံနဲ့ သုံးနိုင်ခွင့်ကို အပြည့်အဝပေးဖို့ လိုပါတယ်။ အဲဒီလို အပြည့်အ၀ ပေးထားမှသာလျှင် ကျမတို့အားလုံးရဲ့ စွမ်းအင်တွေဟာ တကမ္ဘာလုံးအတွက် လူသားအားလုံးအတွက် ဖြစ်သွားနိုင်ပါတယ်။”

ဒီရုပ်ရှင်ပွဲတော်ကို တခါမှ ရုပ်ရှင်မရိုက်ဖူးသေးကြတဲ့ တက်သစ်စ လူငယ် ဒါရိုက်တာတွေအပါအဝင် ဒါရိုက်တာ အတော်များများ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၈၀ လောက် ဝင်ရောက် ယှဉ်ပြိုင်ကြတာပါ။

“အခုဆိုရင် ကျမတို့ ဒီပွဲတော်မှာ ပြိုင်ပွဲမှာဝင်ပြီးပြိုင်တဲ့ ရုပ်ရှင်ပေါင်းဟာ ၁၈၀ ရှိတယ်လို့ သိရပါတယ်။ ဆိုတော့ ကျမ အင်မတန်မှ အားတက်မိတယ်။ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေက ဘယ်လောက်များ ကြာကြာကို လွတ်လပ်မှုအကြောင်းကို ရုပ်ရှင်ရိုက်ချင်တဲ့စိတ်တွေများ ရှိနေပါလိမ့်လို့ ကျမ စဉ်းစားမိပါတယ်။”

သူ့အနေနဲ့ ရုပ်ရှင်ကားတွေ အားလုံးကို မကြည့်နိုင်ပေမဲ့ ဒီရုပ်ရှင်ပွဲတော်ကို တင်လာတဲ့ကားတွေကို အိမ်မှာ တတ်နိုင်သလောက် ကြည့်သွားဖို့ စီစဉ်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြိုင်ပွဲမှာ မူလက Documentary လို့ခေါ်တဲ့ မှတ်တမ်းတင် ရုပ်ရှင်ကးတွေ နဲ့ Short Film လို့ခေါ်တဲ့ ဇာတ်လမ်းတို ရုပ်ရှင်ကားတွေ ဆိုပြီး ဆု ၂ ဆုသာ ပေးဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ ပြိုင်ပွဲဝင်လာတဲ့ အရေအတွက်က များလွန်းတာကြောင့် နောက်ထပ် ဆု ၃ ဆု တိုးပြီး စုစုပေါင်း ဆု ၅ ဆု ပေးသွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြိုင်ပွဲဖြစ်မြောက်ရေး ဦးဆောင် ကျင်းပသူတစ်ဦးဖြစ်တဲ့ ကိုဇာဂနာ ခေါ် ကိုသူရက ပြောပါတယ်။

“ကျနော်ပြောရရင်တော့ ဝမ်းသာစရာ စကားပဲ ပြောရမှာပဲ။ ကျနော်တို့ ဒီပွဲမှာ မူလက Documentary Film နဲ့ Short Film ကို ဆုနှစ်ဆုပေးဖို့ ကျနော်တို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲဝင်တဲ့ အရေအတွက်က ၁၈၈ ကားဆိုတော့ ဒါက အကယ်ဒမီထက် များပါတယ်။ အဲဒီတော့ အနှစ် ၂၀ တွင်း မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ ရုပ်ရှင်ကားတွေထက် များပြားစွာ အခုလို ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။ အဲဒီပြိုင်ပွဲဝင်တဲ့သူတွေကို ဂုဏ်ပြုချီးကျူးချင်တဲ့အတွက် နောက်ထပ် ဆု ၃ ဆု ကျနော်တို့ ထပ်မံတိုးမြှင့်လိုက်ပါတယ်။”

အသစ်တိုးချဲ့လိုက်တဲ့ ဆု ၃ ဆုကတော့ Animation ဆု၊ ပရိတ်သတ်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားဆုနဲ့ မျက်နှာသစ် ရုပ်ရှင်ဆုတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပထမဆု ၃ ဆု ရရှိသူတွေကို ဂျာမနီက ဒါရိုက်တာတွေနဲ့ ရုပ်ရှင်ပညာ ကျွမ်းကျင်သူတွေက သင်တန်းပေးပြီး နောက်ထပ် မှတ်တမ်းတင်ရုပ်ရှင်ကားတွေ ရိုက်ဖို့အတွက် ငွေကြေး ထောက်ပံ့ပေးမယ့်အပြင် အဲဒီ ရုပ်ရှင်ကားတွေကို ကမ္ဘောဒီးယားမှာ ကျင်းပမယ့် ရုပ်ရှင်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်စေမှာဖြစ်တယ်လို့ ကိုဇာဂနာက ပြောပါတယ်။

ဒါ့အပြင် အမေရိကန်က ဒါရိုက်တာ ၃ ယောက်လည်း ဇန်နဝါရီလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်လာပြီး ပြိုင်ပွဲဝင်တဲ့အထဲက ထိပ်တန်း ရုပ်ရှင်ကား ၂၀ ရဲ့ ဒါရိုက်တာတွေကို အလုပ်ရုံ သင်တန်း ပို့ချပေးမယ်လို့ ဆိုပါတယ်။

ဒီရုပ်ရှင်ပွဲတော်ကိုတော့ မနက်ဖြန် ဇန်နဝါရီလ ၁ ရက်နေ့ကနေ့ ၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နောက်ဆုံးနေ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ဆုရွေးချယ် ချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG