သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Freedom House အစီရင်ခံစာ လွတ်လပ်မှုအဆင့် မြန်မာ အနည်းငယ်တက်


၂၀၁၅ခုနှစ် ရွေးကောက်ပွဲ
၂၀၁၅ခုနှစ် ရွေးကောက်ပွဲ

မြန်မာနိုင်ငံဟာ တစိတ်တပိုင်း လွတ်လပ်ခွင့်ရှိတဲ့နိုင်ငံ ဖြစ်လာတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Freedom House အဖွဲ့က ၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။ Freedom House ရဲ့ လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အရင်ထက် တိုးတက်လာတယ်ဆိုပေမယ့် ပြည်သူလူထု လွတ်လပ်ခွင့်အပိုင်းမှာရော တိုင်းရင်းသားဒေသက ထိုးစစ်တွေနဲ့ ဒုက္ခသည် တိုးပွားလာနေတာ တွေက ဆက်ရှိနေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးရှေ့နေတချို့နဲ့ တိုင်းရင်းသားအရေး လှုပ်ရှားသူတွေက ဝေဖန်ထောက်ပြလိုက်ကြပါတယ်။

အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် Freedom House အဖွဲ့က ၂၀၁၅ ခုနှစ်အတွင်း အဖြစ်ပျက်တွေကို အခြေခံပြုစုပြီး ၂၀၁၆ မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို လွတ်လပ်မှုမရှိတဲ့နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပြီး ၊ NLD အစိုးရတက်လာတဲ့ ၂၀၁၆ ခုနှစ် ထဲက အခြေအနေတွေကိုကြည့်ပြီး မြန်မာနိုင်ငံဟာ တစိတ်တပိုင်း လွတ်လပ်ခွင့်ရှိလာတဲ့ နိုင်ငံဖြစ်တယ်လို့ Freedom House ရဲ့ ၂၀၁၇ အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။

မြန်မာနိုင်ငံမှာ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရတဖြစ်လဲ ပြည်ခိုင်ဖြိုးပါတီက လက်ခံပြီး ငြိမ်းချမ်းတဲ့အပြောင်းအလဲတွေ လုပ်ပေးခဲ့တာကို Freedom House အပြုသဘောဆောင် အမှတ်ပေးခဲ့ပေမယ့် ငြိမ်းချမ်းရေးရဖို့ လိုအပ်နေသေးသလို တိုင်းရင်းသားဒေသ တွေမှာ ထိုးစစ်တွေဆက်ရှိနေသေးကြောင်း ထောက်ပြထားပါတယ်။ ဒါ့အပြင်လူနည်းစု ရိုဟင်ဂျာမူဆလင်တွေဟာ ဒုက္ခသည်အဖြစ် ပြည်ပကို ထွက်ပြေးသွားအောင် ဖိနှိပ်ဆက်ဆံမှုတွေ ဆက်ရှိနေဆဲပဲလို့ သူတို့ရဲ့ ၂၀၁၇ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ Freedom House အစီရင်ခံစာမှာ ဖေါ်ပြထားသလိုမျိုး တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ကြောင့် လူ့အခွင့်အရေးချိုးဖေါက်မှုတွေရော ပြည်တွင်း စစ်ဘေးရှောင် ဒုက္ခသည်တွေပါ တိုးလာနေကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုအမ်တူးအောင်က ပြောပါတယ်။

“ဒီ ကချင်ပြည်နယ်မှာကတော့ NLD အစိုးရသစ် တာဝန်ယူပြီး အုပ်ချုပ်လာတဲ့အချိန်မှာပေါ့နော် .. ဒီတပ်မတော်ကလည်း ထိုးစစ်တွေ ဆက်တိုက် ဆင်လာတယ်။ ဒီ IDP စစ်ပြေးဒုက္ခသည်တွေလည်း နေရာတကာ ပိုပြီးတော့ များလာတာတွေ့ရတယ်။ ပြည်သူတွေအနေနဲ့ အဲလို ခံစားရတယ် ဆိုတော့ ပြည်သူတွေမှာ ဘာမှ လွတ်လပ်တဲ့အရသာ ခံစားခွင့် မရှိဘူးလို့ ကျနော်တော့ အဲလိုမြင်တယ်။ ”

Freedom House အစီရင်ခံစာမှာ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အလွတ်လပ်ဆုံးအဆင့် ၁ ကနေ လွတ်လပ်မှုအနည်းဆုံးအဆင့် ၇ထိ သတ်မှတ်ထားရာမှာတော့ မြန်မာနိုင်ငံဟာ ၂၀၁၆ အစီရင်ခံစာအရ အဆင့် ၆ ရှိခဲ့ရာက ၂၀၁၇ အစီရင်ခံစာမှာတော့ အဆင့် ၅ထိ တိုးတက် လာခဲ့ပါတယ်။ ပြည်သူလူထု လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးလည်း အဆင့် ၁ ကနေ ၇ ထိတိုင်းတာရာမှာ ၂၀၁၆ နဲ့ ၂၀၁၇ အစီရင်ခံစာတွေမှာ အဆင့် ၅ နဲ့ပဲ အပြောင်းအလဲ မရှိပါဘူး။

လွတ်လပ်မှုတိုင်းတာမှတ် စုစုပေါင်း ၁၀၀ ပေးတဲ့အထဲမှာ မြန်မာနိုင်ငံဟာ ၂၀၁၆ အစီရင်ခံစာတုန်းက ၂၈ မှတ်ရခဲ့ရာက ၂၀၁၇ အစီရင်ခံစာမှာတော့ ၃၂ မှတ်ရလာတဲ့ အတွက် အကောင်းဖက် တိုးတက်လာတယ်လို့ဆိုပါတယ်။ NLD ပါတီက ၂၀၁၆ ခုဧပြီလကစလို့ အစိုးရအာဏာရလာပြီးနောက်မှာ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ဆန္ဒပြပြီးအဖမ်းခံရတဲ့ လက်ပံတန်း ကျောင်းသားလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးတာ၊ NGO အဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေကိုပြင်ဆင်ဖြည့်စွက်ခဲ့တာ၊ နိုင်ငံရေးသမား တွေကို အလွယ်တကူ ဖမ်းဆီးနိုင်တဲ့ အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ(၅/ည)ကို ရုပ်သိမ်းခဲ့တာ စတဲ့အများပြည်သူဆိုင်ရာ လုပ်ဆောင် ချက်တွေကိုတော့ Freedom House အဖွဲ့က ချီးကျူးထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ဆက်လက် တည်ရှိနေ ခြင်းကလဲ သတင်းသမားတွေအတွက် အဟန့်အတားဖြစ်စေတယ်လို့ Freedom House ကဆိုပါတယ်။ ဒီအချက်ပေါ်မှာ အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေကြီး ဦးမင်းလွင်ဦးကလည်း သဘောတူပါတယ်။

“ စာနယ်ဇင်းတွေအနေနဲ့ ယခင်အစိုးရထက် လွတ်လပ်စွာ သတင်းယူနိုင်တယ် ထုတ်လွှင့်နိုင်တယ် ဆိုပေမယ့်လည်း မိမိရဲ့ ထင်မြင်ယူဆ ချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ခြင်းမရှိအောင် ဆက်သွယ်ရေးဥပဒေ ၆၆-ဃ အရ ကန့်သတ်တားမြစ်ထားတယ်။ နောက် တပ်မတော်နဲ့ ပတ်သက်ရင် ဘာမှပြောလို့မရသေးတဲ့ အခြေအနေမျိုး ဖြစ်တယ်ဆိုတာကို ကျနော်တို့တွေ့နေရတယ်။ နောက်ပြီးတော့ အရေးပေါ်စီမံမှု အက်ဥပဒေ ၅-ညကို ပယ်ဖျက်ပြီးတဲ့အခါမှာ အဲဒီ ၅-ညထက်ဆိုးတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဆိုပြီးတော့ အခု အရေးယူနေတဲ့ ကိစ္စ ရပ်တွေတချို့ ရှိတယ်ဆိုတာကို တွေ့ရတယ်။ အဲဒီတော့ အဲဒါက ကျနော်တို့ လွန်စွာမှပင် စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်တယ်ဆိုတာ မြင်ရတယ်။”

မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ပေါက်ဖို့ NLD အစိုးရက ကြိုးစားနေပေမယ့် တိုင်းရင်းသားဒေတွေမှာ စစ်တပ်က ထိုးစစ်ဆင်နေတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း အစိုးရလုံခြုံရေးစခန်းတွေ လာတိုက်တာ၊ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ တွေနဲ့ မထိုးရသေးတဲ့အဖွဲ့တွေကြား သဘောထား ကွဲနေတာတွေက ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်တယ်လို့ Freedom House အဖွဲ့က ထောက်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံကို စောင့်ကြည့်လေ့လာခဲ့ရာမှာ Freedom House ရဲ့ ၂၀၁၇ အစီရင်ခံစာအရ ၈၇ နိုင်ငံက လွတ်လပ်ခွင့်များတဲ့ အဆင့် ရှိပြီး၊ ၅၉ နိုင်ငံက တစိတ်တပိုင်းလွတ်လပ်မှုရှိတဲ့ နိုင်ငံတွေဖြစ်ကာ၊ ကျန် ၄၉ နိုင်ငံကတော့ လုံးဝ လွတ်လပ်မှုမရှိ သေးတဲ့နိုင်ငံတွေ အဖြစ် သတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG