သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေညဝါ ဆရာတော် တရားဟောခွင့် ပိတ်ပင်မှု Freedom House ရှုတ်ချ


ရွှေညဝါဆရာတော် တရားပွဲ။ (သတင်းဓာတ်ပုံ- ရွှေညဝါ တောရကျောင်း မှော်ဘီ)
ရွှေညဝါဆရာတော် တရားပွဲ။ (သတင်းဓာတ်ပုံ- ရွှေညဝါ တောရကျောင်း မှော်ဘီ)

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ရွှေညဝါဆရာတော်ကို အကန့်အသတ်မရှိ တရားဟောခွင့် ပိတ်ပင်လိုက်တာကို အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို လူသိရှင်ကြား အသရေဖျက်ပြောဆိုခဲ့တဲ့ အရှင်ဝီရသူကိုတော့ အရေးယူ ပိတ်ပင်တာမျိုး မလုပ်ပဲ ရွှေညဝါဆရာတော်ကိုပဲ မဟန အဖွဲ့ကြီးက အရေးယူခဲ့ကြောင်း ဧပြီလ (၂)ရက်နေ့က ထုတ်ပြန်တဲ့ Freedom House ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ကမ္ဘာတဝှမ်းလွတ်လပ်မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့ Freedom House အဖွဲ့က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရွှေညဝါဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရတဲ့ဖြစ်ရပ်ဟာ အစိုးရကို ဝေဖန်ပြောဆိုနေတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူနေ တာဖြစ် တယ်လို့ ဖေါ်ပြထားတာပါ။ ဒါနဲ့ပတ်သက်လို့ Freedom House ပြောခွင့်ရ အမျိုးသမီး Ana Cosma က ပြောပြတာက

“အာဏာပိုင်တွေကို ဝေဖန်ကန့်ကွက်တဲ့ ဘာသာရေးခေါင်းဆောင်တွေ ကို မြန်မာ အစိုးရက ရည်ရွယ်ချက်ချက်ရှိရှိ အရေးယူနေတယ် ဆိုတာရွှေညဝါ ဆရာတော်ရဲ့တရားဟောခွင့် ပိတ်ပင်ခံရမှုက မီးမှောင်ထိုးပြနေတာဖြစ်ပါတယ်။ သံဃာ့ မဟာနာယကအဖွဲ့က ရွှေညဝါ ဆရာတော်ကိုတော့ အရေးယူပေမယ့် ကုလသမဂ္ဂသံတမန်ကို လူသိရှင်ကြား အသေရေဖျက်စော်ကားပြောဆိုတဲ့ အမျိုးသားရေးအစွန်းရောက် အရှင်ဝီရသူကိုတော့ အရေးယူတားမြစ်တယ် ဆိုတာမလုပ်ခဲ့ပါဘူး။”

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က တရားဟောခွင့် ပိတ်ပင်တဲ့ အကြောင်း အရင်းတွေဟာ ခိုင်လှုံမှု မရှိတဲ့အပြင် ဥပဒေအရကြည့်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ ဘာသာရေး လွတ်လပ်ခွင့်ဥပဒေကို ချိုးဖောက်နေ တာဖြစ်တယ်လို့ ဂျပန်နိုင်ငံကို ခေတ္တကြွရောက်နေတဲ့ ရွှေညဝါဆရာတော်က ဗွီအိုအေကို မိန့်ကြားပါတယ်။

" ဒါဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ပတ်သက်ပြီးတော့ မလိုလားအပ်တဲ့ ညွှန်ကြားလွှာတွေကို လူပုဂ္ဂိုလ်ရေး အမုန်းတရားတွေနဲ့ လိုက်လံပိတ်ဆို့နေတာကိုး။ လူ့အခွင့်အရေး ရှု့ထောင့်ကနေ ကြည့်ကြည့်၊ မပြင်ဆင်ရသေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မအရလည်း ဘာသာရေးဆိုင်ရာ ပုဒ်မ အရလည်း သူတို့က ဆန့်ကျင်တာ၊ သူတို့က ဖောက်ဖျက်တာ။ ဘုန်းကြီးက ဖောက်ဖျက်တာမဟုတ်ဘူး။ ဘုန်းကြီးတို့အနေနဲ့ ထောင်ကျမယ်လို့တောင် ဒီလိုယူဆထားတာလေ။ အခုောတ့ ဘုန်းကြီးတို့ကို ထောင်ချဖို့ ပြုဖို့က သူတို့ အဘက်ဘက်က ကြိုးစားပေမဲ့ ဘုန်းကြီးရဲ့ ဘက်ဂရောင်း အရှိန်အဝါနဲ့ ပုံစံအနေအထား ရပ်တည်မှု အဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ က ဘုန်းကြီးရဲ့ Issue က အများကြီး ကြီးသွားမှာစိုးတာနဲ့ အခုလောက် အရေးယူတဲ့အပိုင်းမျိုးလောက်ပဲ လုပ်တာလို့ ဘုန်းကြီးက ယူဆပါတယ်။"

မအင်ကြင်းနိုင်။ တင်ပါ့။ နောက်တချက်က အခု Freedome House က ဝေဖန်ထားတာက ကုလသမဂ္ဂ သံတမန်ကို လူသိရှင်ကြား အသေရေဖျက်ပြောဆိုတဲ့ အရှင်ဝီရသူလိုမျိုး သံဃာတော်ကိုကျတော့ အရေးမယူပဲနဲ့ အစိုးရကို ဝေဖန်ပြောဆိုလို့ဆိုပြီး ဆရာတော် ရွှေညဝါဆရာတော်ကို အခုလိုမျိုး အရေးယူတယ်လို့ သူတို့က နှိုင်းယှဉ်ပြီးတော့ ဖော်ပြထားပါတယ်။ ဒီအပေါ်မှာ ဆရာတော်ရဲ့ သဘောထား ဘယ်လိုရှိပါလဲဘုရား။

"ဟုတ်ပါတယ်။ ဘုန်းကြီးတို့က အစိုးရနဲ့ပတ်သက်ပြီးတော့ တင်းမာတဲ့ သဘောတရား ဆုပ်ကိုင်ထားသူလို့ အစိုးရက အမြဲတမ်း မှတ်ချက်ပြုထားတယ်လေ။ ယှဉ်ပြောရမယ်ဆိုရင်တော့ ဝီရသူတို့ ယန်ဟီလီကို ဆဲဆိုတဲ့ပုံစံမျိုးနဲ့ ဘုန်းကြီးတို့က အစိုးရကို ထောက်ပြတဲ့ပုံစံမျိုးက Side ချင်း မတူဘူးပေါ့။ ဘုန်းကြီးတို့က အစိုးရနဲ့ပတ်သက်လာရင် အမြဲတမ်း ထောက်ပြတယ်။ ဝေဖန်တယ်။ သူတို့ကျတာ့ အစိုးရနဲ့ ပတ်သက်ပုံ ရ တယ်လို့ ဘုန်းကြီးအနေနဲ့ ဒီလိုပဲ ပြောချင်တယ်လေ။ အစိုးရနဲ့ အဆင်ပြေအောင် ပေါင်းပြီး အလိုလိုက် အကြိုက်ဆောင်မယ် ဆိုရင် မြန်မာပြည်တွင်းမှာက ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် အဆင်ပြေတာပဲလေ။ ဘာအရေးမှ မယူဘူး။ ဘယ်လောက်ပဲ အပြစ်ကြီး ကျူးလွန်ပါစေ အရေးမယူဘူးဗျ။"

မအင်ကြင်းနိုင်။ ။ တင်ပါ့။ လောကီဘက်မှာကျတော့ ရှေ့နေတွေကို လိုင်စင်သိမ်းတာတို့၊ ဆရာဝန်တွေကို ဆမ သိမ်းတာမျိုး အာဏာပိုင်တွေဘက်က လုပ်သလိုမျိုးပေါ့နော် ဆရာတော်လိုမျိုး ဓမ္မကထိက ဆရာတော်တွေကို တရားဟောခွင့် ပိတ်ပင်တယ်ဆိုတာရော တရားတော်မှာ အစဉ်အလာရှိပါသလားဘုရား။

"အစဉ်အလာကတော့ ဘုန်းကြီးက နံပတ်တစ်ပါပဲ။ နံပတ်နှစ်ကတော့ ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ။ မြန်မာပြည်မှာတော့ အဲ့လိုပိတ်ပင်ခံရတာ ဘုန်းကြီးတို့ နှစ်ပါးပဲ ရှိပါတယ်။ ဘုန်းကြီးကတော့ နှစ်များတာပေါ့လေ။ အခုဟာက အကန့်အသတ်မရှိဘူး။ အခုအရေးယူတဲ့ အချက်အလက်တွေ သူတို့ တင်ပြထားတာတွေနဲ့ပတ်သက်ပြီးတော့ တကယ်တမ်း မျက်နှာခြင်းဆိုင် ဖြေရှင်းကြမယ်ဆိုရင် လုံလောက်တဲ့ ခိုင်လုံမှု မရှိဘူး။ တရားဟောမှာလည်း ဘုန်းကြီးတို့ကို အဲ့လို ပိတ်ပင်ခွင့်မရှိဘူး။ "

မအင်ကြင်းနိုင်။ ။ ဆရာတော်ဘုရား တရားရော ဆက်ဟောဖို့ ရှိုပါလား ဘုရား။

" ပင့်တဲ့သူရှိရင်တော့ ဟောမှာပဲလေ။ ဘုန်းကြီးတို့ကတော့ ဒါတွေကို ဂရုစိုက်နေလို့ မရဘူး။ "

မှော်ဘီမြို့နယ်မှာ သီတင်းသုံးနေထိုင်နေတဲ့ ရွှေညဝါဆရာတော်ဟာ လူ့အခွင့်အရေး ချိူးဖောက်မှုတွေနဲ့ ပတ်သက်လို့ မကြာခဏ လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုလေ့ ရှိတဲ့ သံဃာတော်ဖြစ်တယ်လို့ Freedom House ကြေညာချက် မှာဖေါ်ပြထားပါတယ်။ ဒါအပြင် မကြာသေးခင်က အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း ဆရာတော်က ထောက်ခံကူညီခဲ့ပြီး လွတ်လပ်စွာ စုရုံးပြောဆိုခွင့်ကိုလေးစား လိုက်နာမှုမရှိတဲ့မြန်မာအစိုးရကိုလည်း ဝေဖန်ကန့်ကွက်ခဲ့ကြောင်း ရေးသားထားပါတယ်။

XS
SM
MD
LG