သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၀နှစ်အတွင်း ကမ္ဘာ့သတင်း လွတ်လပ်ခွင့် အဆိုးဆုံး အဆင့်ရောက်


Freedom House က ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ်အတွက် အစီရင်ခံစာ။
Freedom House က ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ်အတွက် အစီရင်ခံစာ။

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့်အတန်းဟာ ကျဆင်း သွားတယ် လို့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အခြေ အနေ စောင့်ကြည့်လေ့လာပြီး နှစ်စဉ် အစီရင်ခံစာ ထုတ်တဲ့ Freedom House အဖွဲ့က ပြောလိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံနဲ့ဒေသပေါင်း ၁၉၉ ခုတို့ရဲ့ ၂၀၁၄ ခုနှစ် သတင်းလွတ်လပ်ခွင့် အခြေအနေ ကို Freedom House အဖွဲ့ရဲ့ ဒီနေ့ထုတ် အစီရင်ခံစာမှာဖော်ပြ ထားရာမှာ တကမ္ဘာလုံးမှာလဲ သတင်းလွတ်လပ်ခွင့်ဟာ ၁၀ နှစ်အတွင်း အဆိုးဆုံးအဆင့် ကျသွားပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ရမှတ်ဟာ အီဂျစ်၊ လစ်ဗျားတို့နဲ့အတူ ၇၃ မှတ်ရပြီး လွတ်လပ်ခွင့်မရှိဘူးလို့ သတ်မှတ် ထားပါတယ်။ သတင်းလွတ်လပ်ခွင့် အခြေအနေ အဆိုးဆုံးနိုင်ငံကို အမှတ် ၁၀၀ ပေးပြီးသတ်မှတ်တာမှာ မြန်မာက ၇၃ မှတ်ရတာကြောင့် ၂၀၁၃ ခုနှစ်က အမှတ် ၇၀ ရခဲ့တာကနေ သုံးမှတ်တိုးပြီး ပိုဆိုးသွားတာပါ။

Freedom House အဖွဲ့ရဲ့ အရှေ့အာရှဒေသဆိုင်ရာ အကြီးတန်းသုတေသီ Sarah Cook က အခုလိုဖြစ်တာက သုံးနှစ်ဆက်တိုက်ရခဲ့တဲ့ တိုးတက်မှု နောက်ပြန်ဆုတ် သွားတာဖြစ်တယ်၊ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ သတင်းသမားတွေ ဖမ်းဆီး ထိန်းသိမ်းခံရတာတင်မကဘဲ ထောင်ချခံရတာတွေရှိခဲ့တာ၊ ပြည်ပသတင်းထောက်တချို့ ပြည်ဝင်ခွင့်ဗီဇာလျှောက်ရာမှာ ပြင်းထန်တဲ့ ကန့်သတ်ချက်တွေကြုံခဲ့ရ တာတွေရှိခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ် ဇူလိုင်လမှာ Unity ဂျာနယ်က သတင်းသမားတွေကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက်မှုနဲ့ ကနဦး ထောင်ဒဏ် ၁၀ နှစ်၊ နောက်ပိုင်းလျှော့ပေးပြီး ၇ နှစ် ချမှတ်ခဲ့တာကို Freedom House အဖွဲ့ရဲ့ အစီရင်ခံစာ ထဲမှာ ရွေးထုတ် ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာထဲမှာ သတင်းလွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံတွေ ကတော့ မြောက်ကိုရီးယား၊ Uzbekistan၊ Turkmenistan၊ ဘဲလာရု.စ်၊ ကျူးဘား၊ ဆီရီးယား၊ အီရန် နဲ့ ခရိုင်းမီးယားဒေသတွေပါပါတယ်။ အကောင်းဆုံးနိုင်ငံတွေ ကတော့ နော်ဝေ၊ ဆွီဒင်နဲ့ ဘယ်လ်ဂျီယံတို့ဖြစ်ပါတယ်။

XS
SM
MD
LG