သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖိနှိပ်ဆုံး စာရင်းမှာ မြန်မာ ထိပ်တန်းက ပါရှိ


အဖိနှိပ်ဆုံး စာရင်းမှာ မြန်မာ ထိပ်တန်းက ပါရှိ
အဖိနှိပ်ဆုံး စာရင်းမှာ မြန်မာ ထိပ်တန်းက ပါရှိ

ကမ္ဘာတဝန်း အဖိနှိပ်ဆုံး တိုင်းပြည်တွေထဲ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်တယ်လို့ နိုင်ငံတကာက လွတ်လပ်ခွင့် အခြေအနေတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ Freedom House အဖွဲ့က ပြောဆိုလိုက်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၁၇ ခုထဲမှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်း ဖော်ပြထားတဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ရာမှာ Freedom House အဖွဲ့က ဖော်ပြလိုက်တာပါ။ ဒီအကြောင်း အစီရင်ခံစာ ထုတ်ပြန်ရာ ဂျီနီဗာမြို့ကနေ ဗွီအိုအေ သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးနဲ့ လူမှုအခွင့်အရေး လွတ်လပ်ခွင့် မရှိဆုံး နိုင်ငံတွေအဖြစ် မြန်မာနိုင်ငံ၊ အီကွေတာဂီနီ၊ အီရစ်ထရီးယား၊ လစ်ဗျား၊ မြောက်ကိုရီးယားနဲ့ ဆူဒန်တို့ကို စာရင်းထဲမှာ ထည့်သွင်းထားတာပါ။ လူ့အခွင့်အရေး ချိုးဖောက်သူတွေအဖြစ် ဒီတိုင်းပြည်တွေဟာ နှစ်တိုင်းလိုလို ထပ်တလဲလဲ ပြန်ပါလာနေတယ်လို့လည်း အစီရင်ခံစာက ထောက်ပြထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာဆိုရင် ၂၀၀၁ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံရေးနဲ့ လူမှုလွတ်လပ်ခွင့် မရှိဆုံး အဆင့်မှာ သတ်မှတ်ခံထားရတာပါ။

ဆီးရီးယား၊ ဆိုမာလီယာ၊ တာ့ခ်မင်နစ္စတန်၊ လစ်ဗျား၊ ကျူးဘားနဲ့ ဆော်ဒီအာရေးဗီးယား တို့လို နိုင်ငံတွေဟာဆိုရင် ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျနဲ့ ပြင်းပြင်းထန်ထန် ချိုးဖောက်နေတဲ့ တိုင်းပြည်တွေ အဖြစ်လည်း Freedom House က ပြောပါတယ်။ ဒီတိုင်းပြည်တွေက ရှက်စရာကောင်းတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပိုပြီး တက်တက်ကြွကြွ ကြိုးပမ်းလာနေတဲ့ အတွက်ကိုတော့ အားရမိတဲ့အကြောင်း အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ပေါ်လာ ရှရီဖာ (Paula Schriefer) က ပြောပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာပဲ မြန်မာနိုင်ငံ၊ လစ်ဗျား၊ ဆီးရီးယား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ မြောက်ကိုရီးယား တို့အပေါ် လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ချက်ချဖို့ ဒါမှမဟုတ်ရင်လည်း အထူး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အာရုံစိုက် ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း အဖွဲ့ရဲ့ စာရင်းထဲမှာ ထည့်သွင်းထားတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို လူ့အခွင့်အရေး ကောင်စီက ကိုင်တွယ်ဖို့ လက်တွန့်နေတာကတော့ စိတ်မကောင်းစရာ ဖြစ်ရတယ်လို့လည်း Freedom House ရဲ့ ညွှန်ကြားရေးမှူး ရှရီဖာက ပြောခဲ့တာပါ။

“ဒီနိုင်ငံမှာ ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ ရှိနေပေမဲ့လည်း အရင်က ရှိခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်မှာရော၊ အခု လူ့အခွင့်အရေး ကောင်စီမှာရော ဆုံးဖြတ်ချက်တရပ် အောင်အောင်မြင်မြင် ချမှတ်တာမျိုး၊ အထူး အစည်းအဝေးတရပ် ကျင်းပတာမျိုးလို ပစ်မှတ်ထား ကိုင်တွယ်တာမျိုး မရှိဖူးပါဘူး။ ဖလွန်ဂေါင်း (Falun Gong) လို အဖွဲ့မျိုးတွေ၊ ဝီဂါတွေ၊ တိဘက်တွေလို လူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေဟာ အမြဲလို ကြုံနေရတဲ့ ကိစ္စပါ။”

အာဖရိက ၇ နိုင်ငံဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး တိုင်းပြည်စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဆူဒန်နိုင်ငံ မြောက်ပိုင်းဇာတိသားဖြစ်ပြီး အခုအခါ ယူဂန်ဒါနိုင်ငံမှာ ခိုလှုံနေထိုင်သူ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး သုတေသနဌာနရဲ့ အာဖရိကရေးရာ အမှုဆောင် ညွှန်ကြားရေးမှူး အော့စ်မန် ဟူမိုင်ဒါ (Osman Hummaida) ကတော့ သူ့တိုင်းပြည်ဟာ ထိပ်တန်းစာရင်းဝင်အဖြစ် ဆက်လက်ရှိနေတဲ့အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ပြောပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံတွေက အုံကြွ လှုပ်ရှားမှုတွေနဲ့ နောက်ဆက်တွဲ တုံ့ပြန်ချက်အနေနဲ့ အစိုးရက ဖိနှိပ် တင်းကျပ်မှုတွေကို ပိုပြီးတော့တောင် ဆောင်ရွက်လာနေတယ်လို့လည်း သူက ပြောခဲ့တာပါ။

“ဇန်နဝါရီလကတည်းက အစိုးရက အာဏာမှာ ဆက်နေနိုင်အောင် နည်းဗျူဟာတွေနဲ့ ယန္တရားပုံစံ အပြောင်းအလဲတွေကို သုံးလာပါတယ်။ အစိုးရအနေနဲ့ အာဖရိက ဦးချိုဒေသနဲ့ အရှေ့အလယ်ပိုင်းက အခြေအနေတွေအပေါ် စိတ်ကသိကအောက် ဖြစ်နေတာပါ။ အုံကြွမှုတွေအပေါ် နှိမ်နင်းတာ၊ အရပ်သားတွေ၊ အထူးသဖြင့် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေမှာ သူတို့ဘက်က တုံ့ပြန်ပုံတွေဟာ ညှင်းပန်းနှိပ်စက်တဲ့ ပုံစံတွေနဲ့ အစိုးရက ဒီအဖွဲ့တွေအပေါ် အရေးယူ ကိုင်တွယ်ပုံတွေမှာ စိတ်မသက်သာစရာ ကိစ္စတွေ ပါလာပါတယ်။”

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကမ္ဘာတဝန်း ဒီမိုကရေစီ လွတ်လပ်ခွင့် စံတန်ဖိုးတွေဟာ ကျဆင်းလာနေတယ်လို့လည်း Freedom House ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ ကမ္ဘာပေါ်က ဒေသတိုင်းလိုလိုမှာ ခြိမ်းခြောက်မှု အသစ်တွေ ပေါ်ပေါက်လာနေတယ်လို့လည်း အစီရင်ခံစာက သတိပေးထားတာပါ။ ဒီအထဲမှာ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေနဲ့ လူမှုအသိုင်းအဝန်းမှာ တိုက်ခိုက်ခံရတာတွေ၊ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် ကန့်သတ်မှုတွေနဲ့ သတင်းသမားတွေအပေါ် တိုက်ခိုက်မှုတွေ တိုးလာတာတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

မကြာသေးခင်က လူ့အခွင့်အရေး ကျဆင်းမှုတွေ ရှိခဲ့ပေမဲ့လည်း ၂၀၁၁ ခုနှစ်အတွင်း အခြေအနေတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကနဲ့ စာရင်တော့ သိသိသာသာသာ လွတ်လပ်ခွင့်တွေ ရှိနေပြီလို့လည်း ပြောခဲ့တာပါ။ ဒါဇင်နဲ့ချီတဲ့ တိုင်းပြည်တွေမှာ ဆိုရင်လည်း အာဏာရှင် အစိုးရတွေကို ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်တဲ့ အစိုးရတွေနဲ့လည်း အစားထိုးနိုင်ခဲ့တယ်လို့ Freedom House ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG