သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းအပိတ်ပင်ဆုံး နိုင်ငံစာရင်းကနေ မြန်မာ မထွက်နိုင်သေး


သတင်းအပိတ်ပင်ဆုံး နိုင်ငံစာရင်းကနေ မြန်မာ မထွက်နိုင်သေး
သတင်းအပိတ်ပင်ဆုံး နိုင်ငံစာရင်းကနေ မြန်မာ မထွက်နိုင်သေး

ဒီနေ့ မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။ ဒီ့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ ကြေညာချက်တွေထဲမှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သတင်းလွတ်လပ်ခွင့် အနည်းဆုံး တိုင်းပြည်တခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းလုပ်ဆောင်နေတဲ့ ဗြိတိန်နိုင်ငံက ပါတီစုံ ပါလီမန်အမတ်များ အဖွဲ့က ဦးဆောင်ပြီးတော့လည်း မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းနေတဲ့ အခြေအနေတွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေ လွှတ်ပေးရေး ကိစ္စတွေကို ဗြိတိသျှ အထက်လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ဟာ အာရှ ပစိဖိတ် ဒေသတွင်း သတင်းလွတ်လပ်ခွင့် အနည်းဆုံး တိုင်းပြည်တွေ ဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ အခြေစိုက် သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ Freedom House က ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ အခုလို ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

နယူးယောက်မြို့ အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ သတင်းထောက်များ အခွင့်အရေး ရရှိရေးနဲ့ ကာကွယ်ပေးရေး အဖွဲ့ဖြစ်တဲ့ CPJ ကတော့ မြန်မာ၊ ဘယ်လာရုစ်နဲ့ အီသီယိုးပီးယား နိုင်ငံတို့ဟာ အင်တာနက် အွန်လိုင်း သုံးစွဲသူတွေအတွက် လွတ်လပ်ခွင့်တွေ အပိတ်ပင်ခံရဆုံး တိုင်းပြည်တွေ ဖြစ်တယ်လို့ သီးခြားထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ DVB ဒီမိုကရက်တစ် မြန်မာ့အသံက ဗွီဒီယို သတင်းထောက် ၁၇ ယောက်နဲ့ တခြား သတင်းထောက်တွေ လွတ်မြောက်ရေးအတွက် မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ ဗြိတိသျှ ပါလီမန် အမတ်တွေ ဒီကနေ့ အထက်လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း အထက်လွှတ်တော်အမတ် ဘာရိုးနက်စ် ကင်န်နော့ခ် (Baroness Kinnock) က ပြောပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာ သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းနေတဲ့ အခြေအနေတွေနဲ့ တိုင်းပြည်တွင်း ဖမ်းဆီးခံထားရပြီး ညှဉ်းပန်းနှိပ်စက် ခံနေကြရတဲ့ ဗွီဒီယို သတင်းထောက်တွေ လွတ်မြောက်ရေးအတွက် ကျမတို့ ဆွေးနွေးခဲ့ကြတာပါ။ အထူးသဖြင့် သတင်းလွတ်လပ်ခွင့်ဟာ အခြေခံ လူ့အခွင့်အရေးတရပ် ဖြစ်တယ် ဆိုတာကို ကျမတို့လို ဒီမိုကရေစီ နိုင်ငံတွေက ပြတ်ပြတ်သားသား ရပ်တည် လုပ်ဆောင်ပေးသင့်ပါတယ်။ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ သဘောတူညီချက်တွေ၊ ကြေညာချက်တွေ အားလုံးမှာလည်း သတင်းလွတ်လပ်ခွင့် ဆိုတာကို ထည့်သွင်း ဖော်ပြထားပေမဲ့ မြန်မာအစိုးရရဲ့ ဖွဲ့စည်းပုံထဲမှာတော့ ဖော်ပြထားတာကို မတွေ့ရပါဘူး။”

မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ ဗြိတိသျှ အထက်လွှတ်တော်အမတ်တွေ အနေနဲ့ အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ ဗြိတိသျှ အစိုးရ နိုင်ငံခြားရေး ဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စတွေကို တာဝန်ယူ ဆောင်ရွက်ရတဲ့ အငယ်တန်းဝန်ကြီး ဂျရယ်မီ ဘရောင်း (Jeremy Brown) လည်း နောင်မှာပြုလုပ်မယ့် ဗြိတိသျှ ပါလီမန် ပါတီစုံအမတ်များအဖွဲ့ APPG ရဲ့ စည်းဝေးပွဲတွေကို လာတက်ဖို့ ဖိတ်ကြားသွားမယ်လို့ ဘာရိုးနက်စ် ကင်န်နော့ခ်က ပြောပါတယ်။

အလားတူ ဆွေးနွေးမှုတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း ထိုင်းသတင်းထောက်တွေ ဦးဆောင်ပြီး ဒီကနေ့ ကျင်းခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း အင်တာနက်တွေက တဆင့် ပြည်ပ သတင်းဌာနတွေကို ကြည့်ရှုတဲ့ နေရာမှာ တင်းကျပ်တဲ့ ချုပ်ချယ် ကန့်သတ်မှုတွေ ရှိနေတဲ့အတွက် ကြည့်ချင်တဲ့ သတင်းဌာနတွေကို လွတ်လွတ်လပ်လပ် ကြည့်ရှုခွင့် မရဘဲ အခက်အခဲတွေ ရှိနေတဲ့ အကြောင်းကိုတော့ ပြည်တွင်း သတင်းထောက်တဦးက ပြောပြပါတယ်။

“ဘယ်လောက်ထိ ဆိုးလဲဆိုတော့ သတင်းဝက်ဘ်ဆိုက်ဒ်တွေကို ကျနော်တို့က ဝင်ချင်တိုင်း ဝင်လို့မရဘူး။ ဥပမာ ဗွီအိုအေတို့၊ ဘီဘီစီတို့ မြန်မာပိုင်းကတော့ မရဘူး။ ကျနော်စမ်းကြည့်တာ အယ်လ်ဂျာဇီးယားတော့ ရတယ်။ အယ်လ်ဂျာဇီးယားကတော့ အင်္ဂလိပ်လိုဆိုတော့ အဲဒါတော့ ရတယ်။ မြန်မာပိုင်းတို့ ဘာတို့ ဝင်လို့မရဘူး။ တိုက်ရိုက်ကြည့်လို့ မရဘူး။ Proxy တို့ ဘာတို့ ခံပြီးတော့ ကြည့်လို့ရမယ်။”

ကိုယ့်နာမည်အရင်းကို မသုံးဘဲ အကြောင်းအရာတွေကို သတိထား ရွေးချယ်ပြီး အင်တာနက် အွန်လိုင်းပေါ်မှာ တင်မယ်ဆိုရင်တော့ အပြင်မှာ ပုံနှိပ်ထုတ်ဝေတဲ့ သတင်း ဂျာနယ်တွေထက် စာရင် လွတ်လပ်မှု အတိုင်းအတာ တခုထိ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီလို တင်တဲ့အခါမှာ အင်တာနက် အလုပ်မလုပ်တာ၊ နှေးလွန်းနေတာတွေနဲ့ ရင်ဆိုင်ရလေ့ ရှိတယ်လို့ ဆိုပါတယ်။

“နောက်တခုက တင်တဲ့ဟာတွေက ပြည်တွင်းကတင်တယ် ဆိုရင်လည်း အရမ်း သတိထားရတယ်။ ကြားဖူးသလောက်၊ သိဖူးသလောက်က မီဒီယာသမားတွေ အတွက်က ရေးမထားတဲ့ ဥပဒေ သဘောမျိုးလို ဖြစ်နေတာပေါ့။ အဲဒါ ဘာလဲဆိုတော့ သတင်း အချက်အလက်တွေကို နိုင်ငံခြား မီဒီယာတွေကို ဆက်သွယ်ပြီး ပေးတဲ့ ပြစ်မှုက ပိုပြီးတောင် ကြီးတယ်ဆိုတဲ့ သဘောမျိုး ရှိတယ်။ အဲတော့ နိုင်ငံခြား မီဒီယာတွေကို ဆက်သွယ်ပြီး ပေးတယ်ဆိုရင် ပိုပြီးတော့ အပြစ်ကြီးနိုင်တယ်။”

ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်အတွင်း သတင်းမီဒီယာတွေအပေါ် တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ ချမှတ်ခဲ့ပေမဲ့ လက်ရှိအစိုးရ အနေနဲ့ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပြီး စာနယ်ဇင်းတွေက တဆင့် ဝေဖန် အကြံပြုချက်တွေကိုလည်း အလေးထားမယ့်အကြောင်း သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းထဲ သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့အတိုင်း သတင်းမီဒီယာတွေအပေါ် ထိန်းချုပ်မှုတွေကို လျှော့ပေါ့သယောင် လုပ်ပြပေမဲ့ တကယ့် အနှစ်သာရပါတဲ့ ပြောင်းလဲမှုမျိုး လုပ်ဆောင်တာကိုတော့ ခုချိန်ထိ မတွေ့ရသေးဘူးလို့ အဲဒီ ပြည်တွင်း သတင်းထောက်ကပဲ ဆက်ပြောပါတယ်။

“ကျနော်ကတော့ သိသိသာသာကြီး ပြောင်းလဲတယ်လို့ မထင်သေးဘူး။ ဘာမှမထူးဘူးပေါ့၊ အဲလိုမျိုး ပြောနေကြတာပဲ။ တချို့ဆို နောက်တောင် ပြောနေတာ ရှိတယ်၊ မူမပြောင်း လူမပြောင်း အစိုးရသစ်ဆိုပြီး နောက်ပြောနေတာ ရှိတယ်။”

လက်ရှိအစိုးရသစ်ကတော့ သူတို့အနေနဲ့ စာနယ်ဇင်းတွေကို လွတ်လပ်စွာ ထုတ်ဝေခွင့် ပြုထားတယ် ဆိုတာကို ပြသတဲ့ အနေနဲ့ အစိုးရထုတ် မီဒီယာတွေမှာ စာပေ ဆုချီးမြှင့်ပွဲ ကျင်းပနေတဲ့ ပုံတွေကို ဒီကနေ့ထုတ် သတင်းစာ မျက်နှာဖုံးမှာ ဝေေ၀ဆာဆာ ဖော်ပြထားပါတယ်။

CPJ သတင်းသမားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကတော့ မြန်မာအစိုးရက သတင်းမီဒီယာတွေနဲ့ အင်တာနက် သုံးစွဲသူတွေအပေါ် တင်းကျပ်တဲ့ ကန့်သတ် ချုပ်ချယ်မှုတွေ ပြုလုပ်ထားတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း CPJ ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG