သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းစုစီ ပြင်ဆင်ချက်အဆို ကန့်ကွက်ဆန္ဒပြ


ငြိမ်းစုစီ ပြင်ဆင်ချက်အဆို ကန့်ကွက်ဆန္ဒပြ
ငြိမ်းစုစီ ပြင်ဆင်ချက်အဆို ကန့်ကွက်ဆန္ဒပြ

အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ အာဏာပိုင်တွေက သူတို့နဲ့ အယူအဆ မတူသူတွေကို အလွယ်တကူ ဖိနှိပ် အရေးယူလို့ ရနိုင်အောင် ရည်ရွယ် ရေးဆွဲထားတဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ ဒီဥပဒေ မူကြမ်းကို ဆန့်ကျင်သူတွေက ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ အဲဒီ ငြိမ်းစုစီ ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။ ဒီအကြောင်း ဆန္ဒပြပွဲမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ထက်က တင်ပြပေးပါမယ်။

ငြိမ်းစုစီလို့ လူသိများတဲ့ ဒီ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲကို လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေအပါအဝင် လူပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြတာပါ။

အခု အမျိုးသားလွှတ်တော်မှာ အဆိုပြုထားတဲ့ ငြိမ်းစုစီ ဥပဒေကြမ်းဟာ သူတို့နဲ့ သဘောထား မတိုက်ဆိုင်သူတွေကို ဖမ်းဆီး အရေးယူလို့ ရနိုင်အောင် တမင် ရေးဆွဲထားတဲ့ ဥပဒေကြမ်းဖြစ်တာကြောင့် အခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဒီကန့်ကွက်ပွဲကို ဦးဆောင် ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အမတ်ဟောင်း ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

"ဒီဥပဒေကြမ်းမှာအားလုံးသိတဲ့အတိုင်း ပြင်ဆင်ချက်သုံးခုပါတယ်။နှစ်ချက်က နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ အများပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ လူတစ်ယောက်ဟာငြိမ်းချမ်းစွာဆန္ဒပြဖို့ ငွေသို့မဟုတ် ပစ္စည်းသို့မဟုတ် အခြားနည်းအားဖြင့် သွေးဆောင်ရင် ခြိမ်းခြောက်ရင်၊ တိုက်တွန်းရင်ပေါ့လေ ဘယ်လောက်ပဲဆန္ဒပြပွဲတွေကငြိမ်းချမ်းပါစေ အဲဒီလိုလုပ်တဲ့သူတွေကို သုံးနှစ်ထက်မပိုတဲ့ထောင်ဒဏ်ချမယ် ဆိုပြီးပြောတဲ့အခါကျတော့ ဒါဟာ အာဏာပိုင်တွေကပေါ့ ကိုယ်နဲ့အယူအဆမတူတဲ့သူတွေ၊ နိုင်ငံရေးအရမလိုလားတဲ့သူတွေကို ဒီစကားလုံးတွေနဲ့အလွယ်တကူအဓိပ္ပါယ်ဖွင့်ဆိုပြီး ဖိနှိပ်လို့ရတဲ့ဥပဒေကြမ်းဖြစ်နေတယ်"

အဆိုပြုထားတဲ့ ဥပဒေကြမ်းကိုသာ အတည်ပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ထွန်းသစ်စ ဒီမိုကရေစီ စံနစ်ကို အရှိန်လျော့သွားအောင် လုပ်ဆောင်တာနဲ့ တူနေကြောင်း ဒေါ်ညိုညိုသင်းက ဆက်ပြောပါတယ်။

"ဒီဥပဒေကြမ်းဟာမြန်မာနိုင်ငံရဲ့အညှောက်ပေါက်စဖြစ်တဲ့ဒီမိုကရေစီကို အညွန့်ချိုးလိုက်ရာရောက်တယ်။ ဒီဥပဒေကြမ်းသာအတည်ပြုပြီးသားဖြစ်မယ်ဆိုရင် ပြည်သူလူထုဟာ သူတို့ရဲ့အခွင့်အရေးတွေကိုတောင်းဆိုဖို့ ကြံရွယ်တဲ့အခါတိုင်းမှာ အဲလို အခွင့်အရေးတောင်းဆိုပွဲတွေ ကိုကူညီတဲ့မှန်သမျှ ဒီဥပဒေနဲ့ပြစ်ဒဏ်ပေးပြီးအရေးယူခံရမှာဖြစ်တယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ငြိမ်းစုစီ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်ကို မူကြမ်းကို အမျိုးသားလွှတ်တော်မှာ စတင် ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ ဒီကနေ့မှာဘဲ ကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲကို ကျင်းပကြတာလည်း ဖြစ်ပါတယ်။

ဒီငြိမ်းစုစီ ဥပဒေကို လွှတ်တော်မှာ အကြိမ်ကြိမ် ပြင်ဆင် ရေးဆွဲခဲ့ပေမယ့်လည်း ပြင်ဆင်မှုတိုင်းဟာ အများပြည်သူရဲ့ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်နဲ့ ဆန္ဒဖော်ထုတ်ခွင့်ကို တဖြည်းဖြည်း တင်းကြပ် ထိန်းချုပ်လာနေတာကို တွေ့မြင်နေရကြောင်း ဆန္ဒပြမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

"ငြိမ်းစုစီ ဥပဒေနဲ့ပတ်သတ်ပြီး ပြင်ဆင်မှုတွေနှစ်ကြိမ်ပြုလုပ်ဖူးတယ်ပေါ့။ အဲဒီထဲမှာဖြေလျော့မှုတွေရှိ သေးတယ်ပေါ့။အခုဥပဒေကြမ်းကျတော့မဖြေလျှော့တဲ့အပြင် ပိုပိုပြီးတော့တောင်ထပ်ပြီးတင်းကျပ်လာ တဲ့ ဟာတွေတွေ့ရတယ်။ အဲဒါကြောင့်ဒီဥပဒေကဖျက်သိမ်းသင့်တယ်ပေါ့၊ မပြဌာန်းသင့်ဘူးပေါ့"

ကန့်ကွက် ဆန္ဒဖော်ထုတ်သူတွေဟာ ရန်ကုန်မြို့ သခင်မြပန်းခြံမှာ စုဝေးကြပြီးတဲ့နောက် အဲဒီကနေမှ မြို့တော်ခမ်းမရှိရာကို ချီတက်ကြတာမှာ ငြိမ်းစုစီ ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း ရေးသားထားတဲ့ နဖူးစည်း စာတန်းတွေ ကိုင်ဆောင်ခဲ့ကြပြီး လမ်းခရီးတလျှောက် နိုင်ငံသားလွတ်လပ်ခွင့် အပါအဝင် ငြိမ်းစုစီ ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း ကြွေးကြော်သံတွေကိုလည်း အော်ဟစ်ခဲ့ကြတာပါ။

၂၀၁၆ ခုနှစ်က ပြည်ထောင်စုလွှွှတ်တော်က ပြဌာန်းပြီးဖြစ်တဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပတဲ့အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တင်သွင်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG