သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် သိသာစွာတိုးတက်


မြန်မာနိုင်ငံဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အဝရှိတဲ့ နိုင်ငံစာရင်းထဲမှာ မပါဝင်သေးပေမဲ့လို့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ တိုးတက်မှုတွေ ဒီနှစ်ပိုင်း အများအပြား ရှိခဲ့တယ်လို့ ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို လေ့လာ စောင့်ကြည့်နေတဲ့ အမေရိကန်နိုင်ငံအခြေစိုက် Freedom House အဖွဲ့က ပြောလိုက်ပါတယ်။

မနေ့ကထုတ်ပြန်တဲ့ Freedom House အဖွဲ့ရဲ့ အခုနောက်ဆုံး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ ဘာတွေ ဖော်ပြထားပါလဲ။ ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံတွေထဲမှာ ဘယ်နိုင်ငံတွေ ပါဝင်နေသလဲ ဆိုတာတွေကိုတော့ မခင်ဖြူထွေး က တင်ပြထားပါတယ်။

ကမ္ဘာတဝှမ်း သတင်းလွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်လို့ Freedom House အဖွဲ့က အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေတွေဟာ အရင်နှစ်တွေကထက် သိသိသာသာ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့သလို၊ သတင်း မီဒီယာပိုင်းမှာလည်း တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ဒီနှစ် အစီရင်ခံစာကို ပြုစုရေးသားသူ တဦးဖြစ်တဲ့ Freedom House အဖွဲ့ရဲ့ အကြီးတန်း သုတေသီ ခရင်း ခလီခါ (Karin Karlekar) က ပြောပါတယ်။

“ဒီနှစ်မှာတော့ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အခြေအနေ တိုးတက်မှု အများဆုံး ရှိလာတဲ့ နိုင်ငံတခုပါ။ ကမ္ဘာ့နိုင်ငံတွေကြားမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အတိုးတက်ဆုံး နိုင်ငံတခုလို့ ဆိုရမှာပါ။ ဒါဟာ ပြီးခဲ့တဲ့နှစ်က သိသိသာသာ တိုးတက်မှုတချို့ရဲ့ နောက်ဆက်တွဲ ထပ်မံ တိုးတက်လာတဲ့ အခြေအနေပါ။ ဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ မျှော်လင့်ချက်တွေ အများကြီး ရှိပါတယ်။ အရင်က မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အနိမ့်ကျဆုံး နိုင်ငံထဲမှာ ပါဝင်ခဲ့တာပါ။ အခု မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ကျမတို့ စာရင်းပြုစုတဲ့ နိုင်ငံပေါင်း ၁၉၇ နိုင်ငံထဲမှာ ၁၆၂ နိုင်ငံမြောက် နေရာကို တက်လာတာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း သိသိသာသာ တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေပါပဲ။”

ဘယ်လိုအခြေအနေတွေကိုကြည့်ပြီး မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် တိုးတက်လာတယ်လို့ ယူဆတာပါလဲ။ ခရင်း ခလီခါ (Karin Karlekar) က အခုလို ပြောပါတယ်။

“အခြေခံအားဖြင့် ကျမတို့ ဒီနှစ် တွေ့ရတဲ့အခြေအနေတွေမှာတော့ အကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ သတင်းထောက်တွေနဲ့ ဘလော့ဂါတွေကို ပြန်လွှတ်ပေးတာလည်း ပါပါတယ်။ အခုဆိုရင် အစိုးရကို ဝေဖန်လို့ သတင်းထောက်တွေ ထောင်ချခံရတယ်ဆိုတာ မရှိတော့ပါဘူး။ အစိုးရ ဆင်ဆာ ဖြတ်တောက်မှုတွေလည်း မရှိတော့သလောက် တိုးတက်လာတာ ရှိပါတယ်။ နေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေခွင့်တွေလည်း ရှေ့နှစ်ဆို အများအပြား တွေ့ရတော့မှာပါ။ ဒါကလည်း ကောင်းမွန်တဲ့ တိုးတက်မှု တခုပါပဲ။ သာမန် ပြည်သူတွေအနေနဲ့ သတင်း အချက်အလက်တွေကို ပိုပြီးတော့ လွတ်လွတ်လပ်လပ် ရယူနိုင်လာတဲ့ အခြေအနေလည်း ဖြစ်လာပါတယ်။ ဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ တိုးတက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်။”

အရင်က ရေးသားခွင့် ပိတ်ပင်ခံရတဲ့ အကြောင်းအရာတွေ အခု ရေးသားဖော်ပြခွင့် ရလာတာ၊ လွတ်လပ်တဲ့ သတင်းစာနယ်ဇင်းနဲ့ ထုတ်ဝေသူများရဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာ၊ သတင်းထောက်တွေအပေါ် ဖိနှိပ်မှုတွေ လျော့ နည်းလာတာနဲ့၊ နိုင်ငံခြားသား သတင်းထောက် အတော်များများကို အစိုးရက ပိတ်ပင်ထားတဲ့ အမည်မဲ စာရင်းကနေ ဖယ်ထုတ်ပေးတာနဲ့ ပြည်ပအခြေစိုက် သတင်းမီဒီယာလုပ်ငန်းတွေ မြန်မာနိုင်ငံတွင်းမှာ လုပ်ကိုင်ခွင့် ရလာတာ စတဲ့ အကြောင်းအရာတွေကလည်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာ တိုးတက်မှုကို ဖော်ပြနေတဲ့အကြာင်း Freedom House ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုလို တိုးတက်မှုတွေ ရှိတဲ့တိုင်အောင် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေကလည်း ရှိနေတုန်းပဲလို့ ခရင်း ခလီခါ (Karin Karlekar) က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ရေးဆွဲနေတဲ့ သတင်းမီဒီယာ ဥပဒေတွေဟာ ဖိနှိပ်တဲ့ ဥပဒေတွေ မဖြစ်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ ဥပဒေ ကလည်း ကျမတို့ ထည့်သွင်း တွက်ချက် စဉ်းစားတဲ့ကိစ္စတခုပါ။ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံ အခုထက် တိုးတက်ကောင်းမွန်လာဖို့မှာ လက်ရှိမှာ ဖိနှိပ်မှုတွေ ရှိနေဆဲဖြစ်တဲ့ သတင်းမီဒီယာ ဥပဒေတွေနဲ့ တင်းကျပ်မှုတွေကို ပြင်ဆင်ရမယ်ဆိုတာ သေချာ ပါတယ်။ လောလောဆယ်မှာတော့ သတင်းမီဒီယာ ဥပဒေ ရေးဆွဲမှုနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးမှုတွေနဲ့ ဝေဖန်မှုတွေကို ကျမတို့ တွေ့နေရတာ ဖြစ်ပါ တယ်။ နိုင်ငံတကာ စံညွှန်းတွေနဲ့ ညီပြီး ပွင့်လင်း လွတ်လပ်မှုရှိတဲ့ ဥပဒေတွေ ဖြစ်ဖို့ ကျမတို့ တိုက်တွန်း ပြောဆိုနေပါတယ်။”

ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း ကမ္ဘာအဝှမ်း သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ပိုပြီးတော့ ဆိုးရွားလာတဲ့အခြေအနေကို ရောက်ခဲ့တယ်လို့ Freedom House အဖွဲ့က ပြောပါတယ်။

နိုင်ငံပေါင်း ၁၉၇ နိုင်ငံက သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို လေ့လာ စမ်းစစ်ပြီး ဒီအထဲကမှ သတင်းလွတ်လပ်ခွင့် ရှိတဲ့နိုင်ငံများ၊ တစိတ်တပိုင်း လွတ်လပ်တဲ့နိုင်ငံများနဲ့ သတင်းလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံများဆိုပြီး ခွဲခြားထားတာမှာ မြန်မာနိုင်ငံကတော့ သတင်းလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံပေါင်း ၇၄ နိုင်ငံထဲမှာ ပါဝင်ပါတယ်။

ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့် အခြေအနေ အဆိုးရွားနိုင်ငံတွေမှာတော့ ဒီနှစ် မြန်မာနိုင်ငံကို ထည့်သွင်းမထားပါဘူး။ သတင်းလွတ်လပ်ခွင့် အခြေအနေ အဆိုးဆုံး ၈ နိုင်ငံကတော့ Iran၊ North Korea၊ Belarus၊ Cuba၊ Eritrea ၊ Equatorial Guinea၊ Turkmenistan နဲ့ Uzbekistan နိုင်ငံတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေး လွတ်လပ်ခွင့်တွေကို Freedom House က အဆင့်သတ်မှတ်တဲ့ နေရာမှာလည်း မြန်မာနိုင်ငံဟာ နိုင်ငံရေး လွတ်လပ်ခွင့်မှာ ပြီးခဲ့တဲ့နှစ်က အဆင့် ၇ နေရာကနေ ဒီနှစ် အဆင့် ၆ နေရာကို တိုးတက်လာသလို လူမှုအခွင့်အရေးပိုင်းမှာလည်း အဆင့် ၆ ကနေ အဆင့် ၅ ကို တက်လာခဲ့တဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG