ပြင်သစ်နိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေကို ကူညီသူလို့ သံသယရှိတဲ့အမျိုးသမီးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရောက်နေတယ်လို့ အနောက်သတင်းမီဒီယာတွေက ဖေါ်ပြကြပါတယ်။
Hayat Boumeddiene ဟာ ဇန်နဝါရီလ ၂ ရက်နေ့မှာ တူရကီနိုင်ငံကို ဝင်ရောက်လာပြီး ဆီးရီးယားကို ဆက်လက်ထွက်ခွါသွားတယ်လို့ တူရကီ ထောက်လှမ်းရေးက ပြောပါတယ်။ အဲဒီအမျီုးသမီးရဲ့ရည်းစားဖြစ်သူ Amedy Coulibaly က သောကြာနေ့ ပဲရစ်မြို့ကKosher ဈေးဆိုင်အတွင်း ဈေးဝယ်သူ လေးဦးကို သတ်ချိန်မှာ Boumeddiene ဟာ အတူရှိနေတယ်လို့ ပြင်သစ်အာဏာပိုင်တွေက သံသယရှိနေတာပါ။ ကြာသာပတေးနေ့က အမျိုးသမီးရဲအရာရှိတဦးကို သတ်သူဟာ Amedy ဖြစ်တယ်လို့လည်း ယုံကြည်နေပါတယ်။
ဈေးဆိုင်ကို လုံခြုံရေးရဲတွေက ဝင်စီးပြီး ဓါးစားခံတွေလွတ်မြောက်ဖို့ ကြိုးစားနေချိန်မှာ အသက် ၂၆ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ထွက်ပြေး လွတ်မြောက်သွားတာဖြစ်ပြီး အခုတော့ သူ့ကို လုံခြုံရေးရဲတွေက အကြီးအကျယ်ရှာဖွေနေကြတာပါ။ အဲဒီဈေးဆိုင်ကိုဝင်စီးနင်းမှုအတွင်း အကြမ်းဖက်သမား Coulibaly သေဆုံးခဲ့ပါတယ်။
Boumeddiene ရဲ့ မူဆလင်အမျိုးသမီးတွေ ဝတ်လေ့ရှိတဲ့ အမည်းရောင် ဝတ်ရုံကိုဝင်ဆင်ပြီး မြားပစ်လေ့ကျင့်နေတဲ့ ဓါတ်ပုံလည်း ပေါ်ထွက်လာပါတယ်။ ဒီအတောအတွင်း ပဲရစ်က သုံးရက်ကြာ အကြမ်းဖက်မှုတွေအတွင်း အသတ်ခံခဲ့ရသူ ၁၇ ယောက်အတွက်ပြင်သစ်နိုင်ငံတဝှမ်းက ထောင်သောင်းချီတဲ့ လူတွေဟာ လမ်းမတွေပေါ် ထွက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဗုဒ္ဒဟူးနေ့က Charlie Habdo မဂ္ဂဇင်းတိုက်ကို ဝင်ရောက်တိုက်ခိုက်မှု၊ ကြာသာပတေးနေ့မှာ ရဲဝန်ထမ်းတယောက်ကို ပစ်ခတ်သတ်ဖြတ်မှုနဲ့ သောကြာနေ့က ဈေးဆိုင်မှာ ဓားစာခံတွေကို အကြမ်းဖက်သမားတွေက သတ်ဖြတ်အပြီး ပြင်သစ်လူထုဟာ သူတို့ရဲ့ စည်းလုံးညီညွတ်မှုကို အခုလို ပြသခဲ့တာပါ။
တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ညီညွတ်ရေး လမ်းလျှောက်ချီတက်ပွဲအတွက်လည်း စနေနေ့ကတည်းက ပဲရစ်စ်မြို့တဝှမ်း လုံခြုံရေးတပ်ဖွဲ့ဝင် ရာနဲ့ချီ ဖြန့်ကျက် ချထားပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ စပိန်နဲ့ ဥရောပတိုင်းပြည်က ခေါင်းဆောင်တွေအပါအဝင် ကမ္ဘာတလွှားက ထင်ရှားတဲ့သူတွေ အနေနဲ့ ဒီချီတက်ပွဲအပေါ် စောင့်ကြည့်ကြလိမ့်မယ်ဆိုပြီးတော့လည်း မျှော်လင့်ထားပါတယ်။