သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၅ ပတ်မြောက် ပြင်သစ်ဆန္ဒပြပွဲ ရဲနဲ့ထိပ်တိုက်တွေ့


အဝါရောင်ရောင်ပြန် အင်္ကျီဝတ်ဆန္ဒပြသူတွေရှေ့မှာ နေရာယူထားတဲ့ လုံခြုံရေးရဲများ။
အဝါရောင်ရောင်ပြန် အင်္ကျီဝတ်ဆန္ဒပြသူတွေရှေ့မှာ နေရာယူထားတဲ့ လုံခြုံရေးရဲများ။

ပြင်သစ်နိုင်ငံမှာ လူနေမှုစရိတ်တွေ မြင့်မားလာနေမှုနဲ့ သမ္မတ Emmanuel Macron အနေနဲ့ အောက်ခြေ လူတန်းစားတွေရဲ့ လက်တွေ့ဘ၀ အခြေအနေတွေနဲ့ ကင်းကွာလာနေမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ အဝါရောင် ရောင်ပြန်အင်္ကျီတွေဝတ်ဆင်ပြီး သီတင်းပတ် ၅ ပတ်မြောက်အဖြစ် ဆက်လက် ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးဟာ ဆန္ဒပြပွဲအတွင်း သေဆုံး၊ ဒဏ်ရာရခဲ့ကြသူတွေ အတွက် စနေနေ့က တမိနစ် ငြိမ်သက်ပြီး အရိုအသေပေးခဲ့ကြပါတယ်။

သီတင်းပတ်အတော်ကြာ ဆန္ဒပြပွဲတွေ၊ မတည်ငြိမ်မှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး ပြင်သစ်နိုင်ငံ အတွင်းတင်သာ မကဘဲ တကမ္ဘာလုံးရဲ့အာရုံစိုက်မှုပါ ခံနေရတဲ့အချိန်မှာ အဲဒီလို တမိနစ် ငြိမ်သက်ပြီး အရိုအသေပေးမှုဟာ ရှားပါးလှတဲ့ ဆိတ်ငြိမ်မှုလေး ဖြစ်ခဲ့ပါတယ်။

ပဲရစ်မြို့တော်ရဲ့ အထင်ကရ Champs-Elysees လမ်းမကြီးပေါ် ချီတက် ဆန္ဒပြနေကြသူ လူအုပ်ကြီးကို ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာတော့ နှစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

စနေနေ့က ဆန္ဒပြပွဲတွေအတွင်း လူ ၆၀ ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့တာကြောင့် ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ် စနေနေ့က ဖမ်းဆီးခဲ့တဲ့ လူ ၅၀၀ ထက်စာရင် သိသိသာသာ လျော့နည်း သွားခြင်းဖြစ်ကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ပြောပါတယ်။

အရင် ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေက စတိုးဆိုင်တွေကိုဖောက်ပြီး ပစ္စည်းတွေ လုယူတာ၊ လမ်းတွေ ပိတ်ပြီး မီးရှို့ဖျက်ဆီးတာ စတဲ့ အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ဟန့်တားတဲ့အနေနဲ့ ရဲတပ်ဖွဲ့ဝင် ၈,၀၀၀ လောက်နဲ့ သံချပ်ကာကား ၁၄ စီးကို စနေနေ့က ချထားခဲ့ပါတယ်။

အကြမ်းဖက်ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာကြောင့် မူလကအဆိုပြုထားတဲ့ လောင်စာဆီအခွန် တိုးမြှင့်ကောက်ခံ မယ့် အစီအစဉ်ကို သမ္မတ Macron က ပယ်ဖျက်လိုက်ပြီး တခြား အခွန်ကောက်ခံမယ့် အစီအစဉ်တွေနဲ့ အနိမ့်ဆုံးလစာကိစ္စတွေကို ပြင်ဆင်သွားမယ့်အကြောင်း သမ္မတက အဆိုပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG