သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတတွေရဲ့ ဖုန်း ကန် ကြားဖြတ်နားထောင်ခဲ့ဟု စွပ်စွဲချက်ထွက်


လက်ရှိ ပြင်သစ်သမ္မတ Francois Hollande နဲ့ သူ့အရင် သမ္မတနှစ်ဦးတို့ရဲ့ တယ်လီဖုန်း ဆက်သွယ်ချက်တွေက အမေရိကန်က ကြားဖြတ် ခိုးယူ နားထောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဒါဟာ လက်ခံနိုင်စရာမရှိဘဲ နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်တဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ပြင်သစ်နိုင်ငံက သည်းခံမှာ မဟုတ်ဘူးလို့ ပြင်သစ်သမ္မတရုံးက ပြောပါတယ်။

Wikileaks က ထုတ်လိုက်တဲ့ အထောက်အထားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ မစ္စတာ Hollande ဟာ သူ့ရဲ့ ကာကွယ်ရေးကောင်စီနဲ့ ဒီကနေ့ တွေ့ဆုံပြီးတဲ့နောက် ထွက်လာတဲ့ ထုတ်ပြန်ချက်မှာ အဲဒီလို ပြောထားတာပါ။ အမေရိကန် နိုင်ငံတော် လုံခြုံရေး အေဂျင်စီ NSA ဟာ နောက်ဆုံး ပြင်သစ်သမ္မတ သုံးဦးအပေါ် သူလျှိုလုပ် စောင့်ကြည့်ခဲ့တယ်လို့ Wikilieaks ကပြောထားတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Jane Hartley ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius က ဆင့်ခေါ်ခဲ့တယ်လို့ ပြင်သစ်တာဝန်ရှိသူတွေက ပြောပါတယ်။ Wikileaks က ထုတ်ပြန်တဲ့ အထောက်အထားတွေကို ပြင်သစ်နေ့စဉ်သတင်းစာ Liberation နဲ့ သတင်းတွေကို စုံစမ်းထောက်လှမ်းပြီး ရေးသားဖော်ပြတဲ့ Mediapart တို့က ဖော်ပြပါတယ်။

Wikileaks ရဲ့ အထောက်အထားတွေ ဘယ်လောက်တိကျ မှန်ကန် တယ်ဆိုတာနဲ့ ပတ်သက်တဲ့ အတည်ပြုချက်တွေတော့ ချက်ခြင်း ထွက်မလာသေးပါဘူး။ မစ္စတာ Hollande နဲ့ သူ့အရင်သမ္မတတွေကို အရင်က လျှို့ဝှက် စောင့်ကြည့်ခဲ့သလားဆိုတာ အမေရိကန် သမ္မတအိမ်ဖြူတော်က မပြောပါဘူး။ ဒါပေမဲ့ မစ္စတာ Hollande ရဲ့ ဆက်သွယ်ပြောဆိုချက်တွေကို စောင့်ကြည့်တာမျိုး လုပ်မနေသလို နောင်လဲ လုပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အမေရိကန်အနေနဲ့ တိကျပြီး ခိုင်မာမှုရှိတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ရည်ရွယ်ချက်မရှိဘဲ ပြည်ပ စုံစမ်း ထောက်လှမ်းမှု တစုံတရာ မလုပ်သလို ဒါဟာ ကမ္ဘာ့ခေါင်းဆောင်တွေအတွက်ရော သာမန်နိုင်ငံသားတွေအတွက်ပါ အကျူံးဝင်တယ်လို့ NSA ပြောခွင့်ရ Ned Price က ပြောပါတယ်။

XS
SM
MD
LG