သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်အကြမ်းဖက်မှု ဓားစာခံတွေအစား အဖမ်းခံတဲ့ရဲ သေဆုံး


ပြင်သစ်နိုင်ငံ အနောက်တောင်ဘက် Trebes မြို့က ဈေးဆိုင်တဆိုင်မှာ သေနတ်သမားတယောက်က ဖမ်းထားတဲ့ ဓားစာခံတွေနဲ့ အလဲအလှယ်လုပ်ပြီး အဖမ်းခံခဲ့တဲ့ ရဲအရာရှိဟာ သေဆုံးသွားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက အတည်ပြုလိုက်ပါတယ်။ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ ဒုရဲမှူး Arnaud Beltrame ရဲ့ သူရဲကောင်းဆန်တဲ့ ရဲစွမ်းသတ္တိကို ပြင်သစ်နိုင်ငံအနေနဲ့ မေ့နိုင်မှာ မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီး Gerard Collomb က Twitter လူမှုကွန်ယက်ကနေ ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။

ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ သေနတ်သမားနဲ့ ရင်းနှီးသူလို့ဆိုတဲ့ အမျိုးသမီးတဦး အပါအဝင် သံသယရှိသူ ၂ ဦးကို ဖမ်းဆီးထားကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။ မနေ့တုန်းက အကြမ်းဖက် တိုက်ခိုက်မှု အတွင်းမှာတော့ သေနတ်သမားက လူ ၃ ယောက်ကို အသေပစ်သတ်ခဲ့တာပါ။ ပြင်သစ်နိုင်ငံတောင်ပိုင်းက Carcassonne မြို့မှာ မနေ့တုန်းက ကားတစင်းကို တိုက်ခိုက်လုယူရာမှာတော့ ခရီးသည်တယောက်ကို ပစ်သတ်ခဲ့ပြီး၊ ယာဉ်မောင်း ဒဏ်ရာရခဲ့ပါတယ်။

ဒီနောက် ကားမောင်းထွက်ပြေးပြီး၊ အပြေးလေ့ကျင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့ရာမှာတော့ တဦးဒဏ်ရာရခဲ့တာပါ။ နောက်ပိုင်းမှာလည်း အနီးအနားက Trebes မြို့က Supermarket တခုတည်း လမ်းလျှောက်ဝင်သွားပြီး ပစ်ခတ်ရာမှာ ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒီနောက် ဆိုင်ထဲမှာ ဓားစာခံတွေကို ဖမ်းဆီးထားတဲ့အတွက် ရဲအရာရှိ Beltrame က လူချင်းလဲလှယ် အဖမ်းခံခဲ့တာပါ။

ဓားစာခံဖမ်းဆီးခံရတဲ့ ရဲအရာရှိကတော့ လက်ကိုင်ဖုန်းကို ဖွင့်ထားတဲ့အတွက် တခြားရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်နေတဲ့ အခြေအနေကို ကြားနေခဲ့ကြရပြီး၊ ပစ်ခတ်သံတွေ ကြားရတဲ့ အချိန်မှာပဲ ဆိုင်ထဲကို ဝင်ရောက်စီးနင်း ခဲ့ကြပါတယ်။ ဓားစာခံရဲအရာရှိကတော့ အခင်းဖြစ်ချိန်မှာ ဒဏ်ရာရခဲ့တာပါ။ ပြင်သစ်သမ္မတ Emmanual Macron ကတော့ အကြမ်းဖက်ဝါဒီတွေရဲ့ လုပ်ရပ်အဖြစ် ယူဆနိုင်တဲ့ အထောက်အထားတွေ တွေ့ရကြောင်း ပြောခဲ့ပြီး၊ IS အစ္စလာမ် စစ်သွေးကြွ အုပ်စုကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဆိုပြီး၊ အဖွဲ့ရဲ့ ဝါဒဖြန့်သတင်းဌာနဖြစ်တဲ့ Amaq ကတဆင့်ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG