သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပေါင်းပါအကြမ်းဖက်သမားတွေ ပြင်သစ်ရှာဖွေ


အကြမ်းဖက်တိုက်ခိုက်မှုခံရတဲ့ ပဲရစ္စ်မြိုက ဆူပါမားကက်ရှေ့မှာ အမှတ်တရပန်းစည်းလာချသူ အမျိုးသမီးတစ်ဦး။ (ဇန်နဝါရီ ၁၀၊ ၁၅)
အကြမ်းဖက်တိုက်ခိုက်မှုခံရတဲ့ ပဲရစ္စ်မြိုက ဆူပါမားကက်ရှေ့မှာ အမှတ်တရပန်းစည်းလာချသူ အမျိုးသမီးတစ်ဦး။ (ဇန်နဝါရီ ၁၀၊ ၁၅)

ပြင်သစ်နိုင်ငံမှာ စုစုပေါင်း ၁၇ ယောက်သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိသူလို့ မသင်္ကာသူ သေနတ်သမား ၃ ယောက်ကို အထူးတပ်ဖွဲ့ဝင်တွေက သောကြာနေ့က သုတ်သင်နိုင်ခဲ့ပေမဲ့ တယောက်လွတ်မြောက်နေဆဲဖြစ်သလို တခြားရှိနိုင်မဲ့ အပေါင်းအပါ ကြံရာပါတွေကို
ပြင်သစ်လုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှာဖွေနေကြပါတယ်။

သရော်လှော်ပြောင်တဲ့ ကာတွန်းတွေဖော်ပြတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဗုဒ္ဓဟူးနေ့က ဝင်ရောက် ပစ်ခတ်ခဲ့တယ်လို့ မသင်္ကာတဲ့ Cherif နဲ့ Said Kouachi ညီအကို ၂ ယောက်ကို Paris မြို့တော် မြောက်ပိုင်းမှာ ရဲတွေရဲ့ စီးနင်းမှုအတွင်း သုတ်သင်နိုင်ခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။ ဒီစီးနင်းမှုအတွင်း ဓါးစားခံတယောက်ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။

မဂ္ဂဇင်းတိုက်ကို လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်မှုအတွင်း စုစုပေါင်း ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ သောကြာနေ့ကပဲ Paris မြို့ထဲက
ဂျူးလူမျိုးတွေစားတဲ့ kosher အစားအသောက်တွေရောင်းတဲ့ Supermarket မှာ ဓါးစာခံ ၄ ယောက်ကို သတ်ခဲ့တဲ့ နောက်ထပ် သေနတ်သမားကို ရဲတွေက သုတ်သင်နိုင်ခဲ့ပါတယ်။

၅ နာရီယောက်ကြာတဲ့ ပြန်ပေးဆွဲထားမှုအတွင်း လူတော်တော်များများဟာ အသားတွေထားတဲ့ အအေးခန်းထဲမှာ ပုန်းအောင်းနေခဲ့ကြရပါတယ်။ ဒီ Supermarket ကို တိုက်ခိုက်တဲ့ သေနတ်သမားဟာ အသက် ၃၂ နှစ်အရွယ် Amedy Coulibaly ဖြစ်တယ်လို့ ပြင်သစ်ရဲဌာန တာဝန်ရှိသူက
ပြောပါတယ်။ ရဲတွေရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း အပေါင်းအပါ အမျိုးသမီး Hayat Boumeddiene (ဟေးယပ် ဘူမယ်ဒီယန်း) ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။

ပြင်သစ် ပြည်သူတွေအနေနဲ့ သတိရှိကြဖို့နဲ့ စည်းလုံးညီညွတ်မှုပြသကြဖို့ ပြင်သစ်သမ္မတ Francois Hollande က ပန်ကြားထားပါတယ်။ အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ ဂျူးမုန်းတီးမှုတို့ကို တိုက်ဖျက်တဲ့နေရာမှာ စည်းလုံးညီညွတ်မှုဟာ ပြင်သစ်နိုင်ငံရဲ့ အကောင်းဆုံး လက်နက်ဖြစ်တယ်လို့ ပြင်သစ်သမ္မတက ဖော်ပြပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG