သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး သတင်းတင်ပြသူဓာတ်ပုံဆရာ ပြင်သစ် စစ်သတင်းထောက်ဆုရ


Bayeux စစ်သတင်းထောက်များဆုရရှိသူ Siegfried Modola၊ အောက်တိုဘာ ၁၄၊၂၀၂၃
Bayeux စစ်သတင်းထောက်များဆုရရှိသူ Siegfried Modola၊ အောက်တိုဘာ ၁၄၊၂၀၂၃

စစ်ပွဲတွေအကြောင်းရေးသားနေတဲ့ သတင်းသမားတွေ၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးနေတဲ့ သတင်း ထောက်တွေအတွက် ပြင်သစ်နိုင်ငံက နှစ်စဥ်ရွေးချယ်ချီးမြှင့်နေတဲ့ Bayeux (ဘိုင်ယူ) စစ်သတင်း ထောက်များဆုရရှိသူတွေထဲမှာ မြန်မာ PDF တွေအကြောင်းရိုက်ထားတဲ့ ဓါတ်ပုံသတင်း ထောက်ပါ၀င်ခဲ့ပါတယ်။

ဂုဏ်သိက္ခာကြီးမားတဲ့ Bayeux စစ်သတင်းထောက်များဆုပေးပွဲ အကြိမ် (၃၀)မြောက်အခမ်းအနားကို စနေနေ့က ပြင်သစ်နိုင်ငံမှာကျင်းပခဲ့ရာမှာ မြန်မာ၊ ယူကရိန်း၊ အရှေ့အလယ်ပိုင်းနဲ့ ဟေတီနိုင်ငံတွေက ပဋိပက္ခတွေအကြောင်း ရေးသားခဲ့တဲ့ စာရေးဆရာတွေနဲ့ ဓါတ်ပုံဆရာတွေ ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။

ဗြိတိန်-အီတလီ နိုင်ငံသား အလွတ်တန်း ဓာတ်ပုံသတင်းထောက် Siegfried Modola (ဇစ်ဖရီဒ် မိုဒိုလာ) ဟာ ၂၀၂၁ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန် ပြည်တွင်းထဲ တိတ်တဆိတ်၀င်ရောက်ပြီး လူထုဆန့် ကျင်ဆန္ဒပြပွဲတွေကို စွန့်စွန့်စားစားမှတ်တမ်းတင်ရိုက်ကူးချက်တွေအတွက် ဂုဏ်ပြုခံခဲ့ရပါတယ်။ ဒါအပြင် ကနေဒါနိုင်ငံအခြေစိုက် Globe and Mail သတင်းဌာနအတွက် ကရင်နီပြည်နယ်က PDF ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၀င်လူငယ်တွေအကြောင်း ရိုက်ကူးထားတဲ့ ဓါတ်ပုံအက်ဆေးကလည်း အသိအမှတ်ပြု ချီးကျူးခံခဲ့ရပါတယ်။

The Times သတင်းမဂ္ဂဇင်းကြီးရဲ့ ဗြိတိန်သတင်းထောက် Anthony Loyd ကတော့ ၂၀၁၂ခုနှစ်က ဆီးရီးယားနိုင်ငံမှာ ISIS အစ္စလာမ္မစ်အစွန်းရောက်တွေ ပြန်ပေးဆွဲခဲ့တဲ့ ဗြိတိန်နိုင်ငံသား John Cantlie အကြောင်း စုံစမ်းမေးမြန်း ရေးသားခဲ့တဲ့ သတင်းနဲ့ပတ်သက်လို့ ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါတယ်။

ယူကရိန်းနိုင်ငံ အပေါ် ရုရှားကျူးကျော်စစ်မှာ နှစ်ကြိမ်တိုင် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်ကို တင်ပြခဲ့တဲ့ ဆွစ်ဇာလန် RTS ရေဒီယိုနဲ့ ပြင်သစ်အင်ဖိုသတင်းထောက် Maurine Mercier လည်း ဆုချီးမြှင့်ခံခဲ့ရပါတယ်။

ဟေတီရဲတပ်ဖွဲ့နဲ့ ရာဇ၀တ်ဂိုဏ်းတွေကြား တိုက်ပွဲတွေဖြစ်ခဲ့တာကို မှတ်တမ်းတင်ရိုက်ကူးတင်ပြနိုင်ခဲ့တဲ့ CNN ရုပ်သံသတင်းဌာနက Nick Paton Walsh၊ Brice Laine၊ Natalie Gallon နဲ့ Etienne Dupont တို့လည်း Bayeux ဆုချီးမြှင့်ခံခဲ့ရပါတယ်။

စနေနေ့က ကျင်းပတဲ့ Bayeux စစ်သတင်းထောက်များဆုပေးပွဲ အခမ်းအနားမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း စတင်ခဲ့တဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း သောကြာနေ့က အစ္စရေးနဲ့ နယ်စပ် လက်ဘနွန် တောင်ပိုင်းမှာ သတင်းယူနေချိန် ဗုံးကျည်ထိမှန်သေဆုံးခဲ့တဲ့ ရိုက်တာသတင်းထောက် Issam Abdallah ကိုဂုဏ်ပြုခဲ့ကြပါတယ်။

လက်ဘနွန်နယ်စပ်မှာ Issam Abdallah နဲ့အတူ သတင်းယူနေတဲ့ AFP ဓာတ်ပုံဆရာ Christina Assi နဲ့ ဗွီဒီယို ရိုက်ကူးသူ Dylan Collins တို့ အပါအဝင် အခြား သတင်းသမားခြောက်ဦး လည်း အသီးသီး ဒဏ်ရာရရှိခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG