သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းဖြတ်သတ်တဲ့ IS ဗွီဒီယိုထဲ ပြင်သစ်တဦးပါဝင်


ဆီးရီးယားနယ်စပ်မှာ စစ်ဘေးသင့်ဒုက္ခသည်တွေကို ကူညီပေးနေခဲ့တဲ့ Abdul-Rahman Kassig

အမေရိကန်အကူအညီပေးရေးလုပ်သား Abdul-Rahman Kassig ကို သတ်ဖြတ်မှုမှာပါဝင်တဲ့ IS အစ္စလာမ်မစ်စစ်သွေးကြွတွေထဲမှာ ပြင်သစ်နိုင်ငံသား တဦးလည်း ပါဝင်တယ်လို့ ပြင်သစ်အစိုးရကပြောပြီး ဗြိတိသျှအမျိုးသားတစ်ယေက်ကလည်း အဲဒီသတ်ဖြတ်နေသူတွေထဲ သူ့သားလည်းပါတယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။

Mr.Kassig ရဲ့ ဦးခေါင်းပုံပါပြီး အဲဒီ ပြင်သစ်အမျိုးသားဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က Syria နိုင်ငံကို ထွက်သွားတဲ့ အသက် ၂၂ နှစ်အရွယ် Maxime Hauchar ဖြစ်တယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက အတည်ပြုသွားပါတယ်။

Mr.Kassig နဲ့ Syria စစ်သား ၁၈ ဦးမကကို ခေါင်းဖြတ်သတ်တဲ့ ၁၆ ဦး ဂျီဟတ်အုပ်စုထဲမှာ နောက်ထပ် ပြင်သစ်နိုင်ငံသားတဦးလည်းပါဝင်နေတာ ဟုတ်မဟုတ်ကိုလည်း ပြင်သစ်အာဏာပိုင်တွေ အတည်ပြုဖို့ ကြိုးစားနေပါတယ်။ Mr.Kassig ဟာ စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံအတွင်း လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်ရင်း လွန်ခဲ့တဲ့ တနှစ်ကျော်က ဖမ်းဆီးခံခဲ့ရတာပါ။

သူလို့ပဲ ဖမ်းခံရသူတဦး ခိုးထုတ်လာတဲ့ စာတစောင်မှာတော့ Mr.Kissag က သူ့ကံကြမ္မာနဲ့ပတ်သက်လို့ စာရေးပြီး ပြောခဲ့တာမှာ- တကယ်လို့ ကျနော် သေသွားခဲ့ရင် အနည်းဆုံးတော့ ဒုက္ခရောက်ပြီး အကူအညီလိုအပ်နေသူတွေကို ဖေးမရင်း ဒီလို သေဆုံးရတာလို့ ကျနော်ရော မိဘတွေရော သိပြီး စိတ်သက်သာရ ရတာပေါ့လို့ ရေးထားပါတယ်။ သမ္မတအိုဘားမားကတော့ ဒီ သတ်ဖြတ်မှုကို ရှုတ်ချပြီး ဒါဟာ မိစ္ဆာတို့ရဲ့လုပ်ရပ်စစ်စစ်ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။

သတ်ခံရသူ အသက် ၂၆ နှစ်အရွယ် Mr.Kassig ဟာ အမေရိကန် စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး သူများနဲ့မတူ ထူးခြားတဲ့ စံတန်ဖိုးတွေနဲ့ အကူအညီ လိုအပ်သူ မည်သူ့ကိုမဆို အသက်ကို ပဓာနမထားဘဲ အကူအညီပေးခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ပြောပါတယ်။ Mr.Hagel ကပဲ အမေရိကန်ပြည်ထောင်စုဟာ IS အဖွဲ့ကို ချေမှုန်းသွားဖို့ သံန္နိဌာန်ချထားတယ်လို့ ပြောသွားပါတယ်။

ဒီအတောအတွင်းမှာပဲ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်တဲ့ ၁၆ မိနစ်ကြာ ဗွီဒီယိုထဲက သူပုန်တယောက်က သူ့ရဲ့ အသက်၂၀ အရွယ် သားဖြစ်သူ ဆေးကျောင်းသား Nasser Muthana နဲ့ တူတယ်လို့ ဝေလနယ်သား Ahmed Muthana က ပြောပါတယ်။

XS
SM
MD
LG