ပြင်းထန်တဲ့ ပေါက်ကွဲမီးလောင်မှုကြီးတွေဖြစ်ထားတဲ့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Tianjin ဆိပ်ကမ်းမြို့က စက်မှုဇုံကနေ လူတွေကို ဘေးကင်းရာကို အမြန်ဆုံး ပြောင်းရွှေ့ကြဖို့ တရုတ်အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ပါတယ်။
ဓာတုအဆိပ်သင့်မှုတွေ ဖြစ်နိုင်ခြေကြောင့် ပေါက်ကွဲခဲ့တဲ့ ဂိုဒေါင်ကြီးရဲ့ ၃ ကီလိုမီတာ ပတ်လည်မှာရှိကြသူတွေအားလုံး ဘေးကင်းရာကို မဖြစ်မနေ ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ တရုတ်အစိုးရပိုင် Beijing News သတင်းစာထဲမှာ ဒီကနေ့ ဖော်ပြထားပါတယ်။ အသက်သေစေနိုင်တဲ့ Sodium cyanide ဓာတု ဓာတ်ပစ္စည်းတမျိုးကို ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာရဲ့ အရှေ့ဘက်မှာ တေ့ွရတယ်လို့ ရဲရဲ့အပြောကို သတင်းထားထဲမှာကိုးကားဖော်ပြထားပါတယ်။ အဲဒီ ဧရိယာတဝိုက်မှာ အန္တရာယ်ဖြစ်စေနိုင်မယ့် ဓာတုပစ္စည်းတွေ ရှိမရှိဆိုတာကို စစ်တပ်က Nuclear နဲ့ ဇီဝဓာတုဆိုင်ရာ ကျွမ်းကျင်သူ အယောက် ၂၀၀ ကျော်ပါတဲ့အဖွဲ့က စစ်ဆေးရှာဖွေနေကြပါတယ်။
အခု လူတွေကို ထွက်သွားကြဖို့ ပြောထားတဲ့နေရာမှာ အန္တရာယ်ရှိတဲ့ အရာတွေမရှိဘူးလို့ အခုချိန်မတိုင်ခင်အထိ အာဏာပိုင်တွေက အလေးအနက် ပြောနေခဲ့တာပါ။ ဒါပေမယ့် ပေါက်ကွဲခဲ့တဲ့နေရာမှာတော့ အန္တရာယ်ရှိတဲ့ ပစ္စည်းမျိုးစုံရှိတဲ့လက္ခဏာတွေ တွေ့ခဲ့ရတယ်ဆိုတာကိုတော့ အာဏာပိုင်တွေက အသိအမှတ်ပြုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ညတုန်းက ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးတွေကြောင့် သေဆုံးသူ ၈၅ ယောက် ရှိသွားပြီလို့ တာဝန်ရှိသူတွေက ဒီကနေ့ စနေနေ့မှာ ပြောခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ မီးသတ် ၂၁ ယောက်ပါပြီး တော်တော်များများလည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ Tianjin မြို့တာဝန်ရှိသူတွေက ပြောပါတယ်ရှင်။