သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အမည်ပြောင်းမည်


ကုလသမဂ္ဂလုံခြုံရေးညီလာခံ အာဆီယံနိုင်ငံများအစည်းအဝေးတက်ရောက်နေသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။
ကုလသမဂ္ဂလုံခြုံရေးညီလာခံ အာဆီယံနိုင်ငံများအစည်းအဝေးတက်ရောက်နေသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အမည်ဟာ မြန်မာအစိုးရကို ဖိအားပေးမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေမှာ စိုးရိမ်လို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းကူညီရေးဆိုတဲ့ နာမည်မျိုး ပြောင်းမှာဖြစ်ကြောင်း မြန်မာ့ မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေးကို တက်ရောက်တဲ့ မြန်မာကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကူညီဖို့ ကုလသမဂ္ဂဘက်က အဆင်သင့်ရှိကြောင်း ပြသလိုက်တယ်လို့လည်း မြန်မာကိုယ်စားလှယ် ဒေါက်တာကျော်ရင်လှိုင်က ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပထမဦးဆုံးအကြိမ် တက်ရောက်ဆွေးနွေးတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ ဝန်ကြီး အစည်းအဝေးကို ကြာသာပတေးနေ့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပခဲ့တာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကုလသမဂ္ဂဘက်ကနေ သမ္မတဦးသိန်းစိန်အစိုးရကို အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီမှာ ဆွေးနွေးခဲ့ကြတာတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရကိုယ်စားလှယ် သမ္မတ ဦးသိန်းစိန်ရဲ့လူမှုရေးနဲ့ အကြံပေးကိုယ်စားလှယ် ညွှန်ကြားရေးမှူး ဒေါက်တာကျော်ရင်လှိုင်က အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ သမ္မတကြီးဦးသိန်းစိန်ရဲ့ဦးဆောင်မှုကို ထောက်ခံတဲ့အကြောင်းနဲ့ ရှေ့ဆက်ပြီးသွားတဲ့အခါမှာ သူတို့အနေနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးသွားမယ်ဆိုတဲ့အကြောင်းကို အဓိကပြောဆိုသွားတာကို တွေ့ရပါတယ်ခင်ဗျ။ ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ အခု အစည်းအဝေးပွဲဟာ အရင်တုန်းကတော့ ဒီအစည်းအဝေးပွဲဟာ မြန်မာနိုင်ငံအပေါ်မှာ pressure ပေးဖို့ဆိုပြီးတဲ့အခါ ဖွဲ့ထားခဲ့ပြီးတော့ ပြုလုပ်တဲ့ အစည်းအဝေးဆိုပေမဲ့ ဒီတခါမှာတော့ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ထောက်ခံမှုကို ထုတ်ဖော်ပြတဲ့ အစည်းအဝေး လို့ပဲ ကျနော် မြင်ပါတယ်။”

မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို တွေ့မြင်လာရတာကြောင့် အခုလို မြန်မာ့မိတ်ဆွေနိုင်ငံများ အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ကြားတာဖြစ်တယ်လို့လည်း ဒေါက်တာကျော်ရင်လှိုင်က ဆိုပါတယ်။

“ဒီအဖွဲ့ ၁၅ နိုင်ငံဆိုတာက လက်ရှိအစိုးရအနဲ့အတူတူ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး လုပ်ငန်းတွေ အတူတူ ပူးပေါင်းဆောင်ရွက်နေတဲ့ ၁၅ နိုင်ငံလုံး ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကလည်း အရင်တုန်းကတော့ အစိုးရအပေါ်ကို ဝေဖန်တာတွေ ရှိတဲ့အခါကျတော့ အရင်အစိုးရက လှိုက်လှိုက်လှဲလှဲနဲ့ပါဝင်ခြင်း မရှိဘူးပေါ့။ အခုကျတော့ ရှိပြီးတဲ့အခြေအနေဆိုတော့ - ဥပမာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ အခုရှိနေတဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေကို ခိုင်မာအောင်လုပ်ဖို့ ပိုတိုးချဲ့ဖို့အတွက် ဖိတ်ထားတာဖြစ်တဲ့ အခါကျတော့ ကျနော်တို့က လာကတည်းက မိတ်ဆွေ အပေါင်းအသင်းတွေက အတူတူဆက်ပြီး လုပ်ကြရအောင်ဆိုတဲ့ ပြောတဲ့ ဖိတ်ကြားတဲ့အခါမှာ ကျနော်တို့ဘက်ကလည်း လာပြီးတော့ ပူးပေါင်းဆောင်ရွက်တာပါ။”

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီဦးဆောင်တဲ့ မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့မှာ ဒေါက်တာကျော်ရင်လှိုင်နဲ့အတူ ဒု-ဝန်ကြီး ဦးသန့်ရှင်းနဲ့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး သံအမတ်ကြီးဟောင်း ဦးသန်းဆွေတို့လေးဦး ပါဝင်ပါတယ်။ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေကို အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုထားသလိုပဲ ဘာသာရေးနဲ့ လူမျိုးရေးအရ ဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှု အန္တရာယ်တွေကြောင့် ဒီပြဿနာတွေရဲ့ အရင်းအမြစ်ကို ဖော်ထုတ်ဖြေရှင်းဖို့ ကတိပေးထားပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ်ဘက်ကလည်း ဒီအချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ဆွေးနွေး တင်ပြခဲ့တယ်လို့ ဒေါက်တာ ကျော်ရင်လှိုင်က ပြောပါတယ်။

“ကျနော်တို့ အစိုးရအဖွဲ့ရဲ့ခေါင်းဆောင် ဦးခင်ရီအနေနဲ့က အခု နိုင်ငံတကာ အသိုင်းအဝိုင်း မိတ်ဆွေများအနေနဲ့က မြန်မာနိုင်ငံမှာရှိနေတဲ့ communal ပြဿနာတွေပေါ့လေ-ဒီပြဿနာတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိတယ်ဆိုတာ နားလည်တဲ့အကြောင်း အစိုးရအနေနဲ့ကလည်း ဒီပြဿနာတွေ ဖြေရှင်းဖို့ အသေအချာ စီမံကိန်းတွေချပြီးတော့ ဆောင်ရွက်နေတဲ့အကြောင်း ရှေ့ဆက်ပြီး ဒီကိစ္စတွေကို ဆောင်ရွက်နေတဲ့အခါမှာ မိတ်ဆွေ အပေါင်းအသင်းတွေ ဆီကနေ အကြံဉာဏ်တွေ ရယူပြီး ပူးပေါင်းဆောင်ရွက်မယ့် အကြောင်းကို သူက ကြိုပြီး ပြောထားပြီးသား ဖြစ်ပါတယ်။”

မေး။ ။ ဒီဆွေးနွေးပွဲကနေပြီးတော့ မြန်မာနိုင်ငံအတွက် ဘယ်လို အကူအညီတွေ ရနိုင်မလဲရှင့်။ အထူးသဖြင့်ပေါ့နော်- နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှာရော၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲရေးတွေမှာရော ဆွေးနွေးပွဲရလဒ်က ဘယ်လောက်အထိ အရေးကြီးမလဲ။

ဖြေ။ ။ အခုလိုမျိုး မြန်မာနိုင်ငံအစိုးရအနေနဲ့ ကိုယ်စားလှယ်တွေ လွှတ်ပြီးတော့ အသေအချာရှင်းပြတယ်၊ မိတ်ဖက်နိုင်ငံတွေကလည်း အသေအချာ လက်ခံပြီးတဲ့အခါ နားလည်မှုတွေ ပေးတဲ့အခါကျတော့ ရှေ့လုပ်ရမယ့်လုပ်ငန်းစဉ်တွေမှာ ပိုပိုပြီးတော့ ချောမွေ့စေမယ်လို့ ကျနော်ထင်ပါတယ်။ နောက်တစ်ခုက အခုလိုမျိုး အစဉ်အဆက်က Friends of Myanmar ဆိုပြီးတော့ အစိုးရကို ဖိအားပေးမယ်ဆိုတဲ့ ပုံစံနဲ့ဖွဲ့ထားခဲ့တဲ့ အဖွဲ့လိုမျိုး ဖြစ်နေတော့ နာမည်ဟောင်းကိုက အဲလို အဓိပ္ပာယ်မျိုးနဲ့ ဆက်စပ်နေမှာစိုးတဲ့အတွက် အတွင်းရေးမှူးချုပ်အနေနဲ့ကလည်း ဒီအဖွဲ့ကို နာမည်အသစ်ပြောင်းဖို့ကို သူစီစဉ်ထားတာရှိပါတယ်။ အဲဒါကတော့ Partnership in Peace Democracy and Development in Myanmar ဆိုပြီးတော့ ပြောင်းဖို့ စီစဉ်နေပါတယ်။ ဒီလိုမျိုး ပြောင်းဖို့ စီစဉ်နေတာကိုလည်း နိုင်ငံတွေအားလုံးက ထောက်ခံကြပါတယ်။

အခုကျင်းပနေတဲ့ ကုလသမဂ္ဂ ညီလာခံကနေ ဒီနှစ်အတွက် မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ ထူးခြားမှုတွေ၊ အပြောင်းအလဲတွေ ရှိနိုင်တယ်လို့ ဒေါက်တာ ကျော်ရင်လှိုင်က ပြောပါတယ်။ နအဖ စစ်အစိုးရလက်ထက်မှာ ကုလသမဂ္ဂ အနေနဲ့ မြန်မာအပေါ် ဖိအားပေးဆက်ဆံတာမျိုးမဟုတ်ဘဲ လိုအပ်တဲ့ အကူအညီတွေပေးပြီး ပူးပေါင်းဆောင်ရွက်သွားမယ့် ခြေလှမ်းတွေ မြင်တွေ့ခဲ့ရတယ်လို့ ဒေါက်တာကျော်ရင်လှိုင်က ပြောသွားပါတယ်ရှင်။
XS
SM
MD
LG