သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစစ်တပ်အတွက် နည်းပညာနဲ့လက်နက် ခိုးယူသူတွေကို ကန်တရားစွဲ 


ရုရှားထောက်လှမ်းရေးဌာန FSB Logo
ရုရှားထောက်လှမ်းရေးဌာန FSB Logo

[[Zawgyi/Unicode]]

ရုရှားစစ်တပ်အတွက် အမေရိကန်ရဲ့အရေးပါတဲ့နည်းပညာတချို့နဲ့ စစ်လက်နက်ပစ္စည်းတချို့ကို တရားမဝင်ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် ၂ ယောက်နဲ့ ရုရှား ၅ ယောက်ကို အမေရိကန်အစိုးရရှေ့နေတွေက တရားစွဲလိုက်ပါတယ်။

တရားစွဲခံရသူ ၇ ယောက်လုံးဟာ ရုရှားထောက်လှမ်းရေးဌာန FSB ရဲ့ ညွှန်ကြားချက်အောက်မှာ လည်ပတ်နေတဲ့ မော်စကိုအခြေစိုက် စက်မှုနဲ့ ပစ္စည်းကရိယာထုတ်လုပ်ရေးကုမ္ပဏီ ၂ ခု နဲ့ ဆက်စပ်နေသူတွေဖြစ်ကြပါတယ်။ ယူကရိန်းကို ရုရှားစစ်ဝင်တိုက်ပြီးနောက်မှာ အဲဒီကုမ္ပဏီ ၂ ခုဖြစ်တဲ့ Serniya Engineering နဲ့ Sertal LLC တို့ကို အမေရိကန် ဘဏ္ဍာရေးနဲ့ စီးပွားကူးသန်းဌာနက အရေးယူဒဏ်ခတ်အရေးယူထားပါတယ်။ ဒီရုရှားစက်မှုလက်မှုကုမ္ပဏီ ၂ ခုဟာ ရုရှားစစ်တပ်အတွက်လိုအပ်တဲ့ပစ္စည်းကရိယာတွေကို ထောက်ပံ့ပေးနေတဲ့ကုမ္ပဏီတွေဖြစ်ပါတယ်။

တရားစွဲခံရတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ နယူဟမ်းရှားပြည်နယ်က Alexey Brayman နဲ့ နယူးဂျာစီပြည်နယ်က Vadim Yermolenko တို့ကို အင်္ဂါနေ့က ဖမ်းဆီးခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။ Estonia မှာနေတဲ့ FSB အရာရှိဖြစ်တယ်လို့ မသင်္ကာသူ Vadim Konoshchenok ကိုလည်း အမေရိကန်ရဲ့ တောင်းဆိုချက်အရ Estonia အာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို အမေရိကန်ကို လွှဲပြောင်းပေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

လောလောဆယ် ၃ ဦးကိုဖမ်းမိထားကြောင်းနဲ့ ရုရှားရဲ့စစ်ပွဲကို ထောက်ခံအားပေးသူတွေကို အမေရိကန်တရားရေးဌာနနဲ့ နိုင်ငံတကာမဟာမိတ်တွေက လုံးဝသည်းခံမှာမဟုတ်ဘူးလို့ အမေရိကန်ရှေ့နေချုပ် Merrick Garland ကကြေညာချက်မှာ ပြောဆိုထားပါတယ်။ ကျန်ရုရှားနိုင်ငံသား ၄ ဦးကတော့လွတ်မြောက်နေဆဲဖြစ်ပါတယ်။

Serniya ကုမ္ပဏီဟာ အမေရိကန်နဲ့အနောက်တိုင်းနိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကိုရှောင်ရှားပြီး ရုရှားစစ်တပ်အတွက် ကြားခံလျပ်ကူးပစ္စည်းတွေအပါအဝင် စစ်ဘက်မှာလည်းသုံးနိုင်တဲ့ အဆင့်မြင့် နည်းပညာနဲ့ အရေးပါတဲ့စစ်သုံးပစ္စည်းတွေကိုရယူနေတယ်လို့ တရားလိုစွဲချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]







XS
SM
MD
LG