သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်သုံးဆီဈေး အဆမတန်တက်ခဲ့လျင် အစိုးရအနေနဲ့ ဈေးကန့်သတ်မည်ဟုဆို


Myanmar Gas Price
Myanmar Gas Price

စက်သုံးဆီဈေး မြင့်တက်လာတဲ့အတွက် နေ့စဉ် ဆီဈေးနှုန်းတွေကို အစိုးရက စောင့်ကြည့်နေပြီး ဈေးပိုရောင်းချလာမယ်ဆိုရင် ဈေးနှုန်းကို ဆက်မတက်အောင် ကန့်သတ်မှုတွေ လုပ်မယ်လို့ မြန်မာ အစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချသူများအသင်း ကတော့ ကန့်သတ်မှုတွေ လုပ်မယ်ဆိုတာကို သတိထားပြီး တုန့်ပြန်ပါတယ်။ VOA သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

စက်သုံးဆီဈေးမြင့်တက်ပြီး ပြန်မကျတဲ့အတွက် ဖေဝန်မှုတွေ ရှိနေချိန်မှာပဲ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန့်ဇင်က

"ဈေးကွက်စီးပွားရေးစနစ်အရ အားလုံးကို ကျနော်တို့ ချုပ်ကိုင်မထားပါဘူး။ ကျနော်တို့ ဖွင့်ပေးထား ပါတယ်။ သို့သော် နေ့စဉ်တော့ စောင့်ကြည့်ပါတယ်။ အဲ့ဒီဈေးနှုန်းအပေါ်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းများ မဖြစ်ဘူးဆိုရင်တော့ ခုနက ပြောသလိုပဲ ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ ကျနော်တို့ ကော်မတီအနေနဲ့က Price ကို Freeze လုပ်မှာဖြစ်ပါတယ်။ ခုနက ကျနော် ရှင်းလင်းတင်ပြသလို ပြီးခဲ့တဲ့နှစ်က ဒီဇင်ဘာမှာ တကြိမ် လုပ်ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်လေးပေါ့။ သင်္ကြန် ကာလမှာ ဈေးထိုးတက်မှာစိုးတဲ့အတွက် ကျနော်တို့ တကြိမ်လုပ်ခဲ့ဖူးပါတယ်။ ကမ္ဘာ့ စက်သုံးဆီဈေး ကျအောင်တော့ ကျနော်လည်း မတတ်နိုင်ပါဘူး။ ဒီလိုပဲ ဈေးနှုန်းနဲ့ Exchange Rate အပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲနေတဲ့ဈေးနှုန်းကိုတော့ ကျနော်တို့ မထိန်းချုပ်နိုင်ပါဘူး။ သို့သော် ကျနော်တို့ လုပ်နိုင်တဲ့အပိုင်းကတော့ တင်သွင်းလာတဲ့ စက်သုံးဆီ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်း အတိုင်းဖြစ်ဖို့ကိုတော့ ကျနော်တို့ အမြဲတမ်း စောင့်ကြည့်ပြီးတော့ ကြပ်မတ်နေတယ်ဆိုတာလေး တင်ပြလိုပါတယ်။"

အခုလို စက်သုံးဆီဈေးတွေ တက်တာက ကမ္ဘာ့ရေနံဈေး တက်လာတာကြောင့်လို့ ပြောဆိုမှုတွေ ရှိသလို ဒေါ်လာဈေးတက်တာနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းတာတွေရဲ့ ရိုက်ခတ်မှုကြောင့်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။ ကမ္ဘာ့ငွေကြေးဈေးကွက်ကို လိုက်ပြီး မြန်မာကျပ်ငွေနဲ့ ရွှေဈေးမှာ အပြောင်းအလဲတွေ ရှိခဲ့ပေမဲ့ စက်သုံးဆီဈေး မပြောင်းလဲဘဲ ပြန်မကျတဲ့အပေါ် ဝေဖန် မှုတွေ ရှိနေတာပါ။ စက်သုံးဆီဈေးတက်တဲ့အတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအပေါ် ရိုက်ခတ်ခဲ့ပြီး စက်သုံးဆီဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်လာနေပါတယ်။ဒီအချိန်မှာပဲ စက်သုံးဆီဈေးနဲပတ်သက်လို့ အစိုးရဘက်က တုန့်ပြန်ချက် ထွက်လာတာပါ။ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချသူများအသင်း ရုံးအဖွဲ့မှူး ဦးဝင်းမြင့် ကတော့ ထိန်းချုပ်မယ်ဆိုတဲ့ ပြောဆိုချက်အပေါ် သတိထားပြီး တုန့်ပြန်ပါတယ်။

"ထိန်းချုပ်မယ်ဆိုတာကိုက ဘယ်လိုပုံစံနဲ့ ထိန်းချုပ်မှာလည်းဆိုတာ ရှိသေးတယ်လေ။ ဆိုလိုတဲ့ သဘောကဗျာ။ ဟိုဘက်တခေတ်ကလို ခင်ဗျားတို့ ဘယ်ဈေးနဲ့ပဲရောင်းရမယ်။ ဘယ်ဈေးနဲ့ ဘာညာ ဆိုတာတွေက အဲ့ဒါတဖက်ခေတ်က ကျန်ခဲ့ပြီလေ။ ဒီအခုရောင်းနေတဲ့ဟာက ကျနော်တို့ အကျိုးအမြတ် အထိကို မရောက်သေးပါဘူး။ ရောက်လည်း မရောက်သေးဘူးဆိုတာကို လက်ရှိ ပေါက်ဈေးတွေကော ရေနံလက်ရှိဝယ်နေရတဲ့ ဈေးတွေနဲ့ ကော အခိုင်အမာ ရှင်းပြခဲ့တဲ့ဟာကို ဘယ်သူမှလည်း မယုံကြည်ကြဘူး။ အခု ကျနော်တို့ရောင်းနေတဲ့ ဆီဆိုင်တွေမှာရောင်းနေတဲ့ ဈေးနှုန်းဟာ အခု ကျနော်တို့က ကြိုက်တဲ့ အဖွဲ့အစည်းရဲ့ အစစ်ဆေးကို ခံနိုင်တယ်လေ။ ကျနော်တို့ ဝယ်ထားတဲ့ဈေးက ဒီလောက်ပဲဖြစ်တယ်။ ဒါကြောင့် ဒီလောက်ပဲရောင်းတာ။ ဒီထက်ကို ချရောင်းရင် ဆိုင်တွေအကုန်လုံး အရင်းပြုတ်ပြီးတော့ ဘဏ်တွေပါ အကျိုးဆက်တွေ ထိရောက်ကုန် မယ်လို့ ကျနော်တို့ အတွင်းရေးမှူးက ဟိုးကတည်းက ပြောထားတာရှိတယ်လေ။ ခုနကပြောသလိုပေါ့ အဆင့်တဆင့်ကို အတင်းသွားလုပ်လိုက်ရင် ပြိုလဲသွားဖို့ ရှိတာပေါ့။ ဒါကို ကျနော်တို့ ပြောချင်တာ။"

ပြည်တွင်းမှာလောင်စာဆီဈေးကွက်ကို ပြည်တွင်းကုမ္ပဏီတွေကပဲဈေးကွက်ကို အဓိက ကိုင်တွယ် ထားတာ ဖြစ်ပါတယ်။ ဈေးတက်နေပေမယ့် စက်သုံးဆီကိုအရှုံးခံပြီး ရောင်းချ နေရတာလို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူက မကြာသေးခင်က ပြောဆိုခဲ့ တာကြောင့် ဝေဖန်ချက်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဒီလို ဈေးတက်နေတာဟာ စက်သုံးဆီဈေး ကွက်မှာ လူနည်းစုကလွှမ်းမိုးချုပ်ကိုင် နေတာတွေကြောင့် ဆိုပြီး ချုပ်ကိုင်ထားတာကို လျှော့ချဖို့ လည်း လုပ်ငန်းရှင်တွေဘက်က ဝေဖန်တောင်းဆိုမှုတွေ ရှိနေပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG