သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်ဆိုင်နေကြရတဲ့ စက်သုံးဆီ ရှားပါး ဈေးတက်မှုဒဏ်


ရန်ကုန်မြို့ ဓါတ်ဆီဆိုင်တဆိုင်မှာ ဆီဖြည့်ဖို့ စောင့်ဆိုင်းနေတဲ့ မော်တော်ဆိုင်ကယ်ယာဉ်မောင်းများကိုတွေ့ရစဉ် (ဒီဇင်ဘာ ၆၊ ၂၀၂၃)
ရန်ကုန်မြို့ ဓါတ်ဆီဆိုင်တဆိုင်မှာ ဆီဖြည့်ဖို့ စောင့်ဆိုင်းနေတဲ့ မော်တော်ဆိုင်ကယ်ယာဉ်မောင်းများကိုတွေ့ရစဉ် (ဒီဇင်ဘာ ၆၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စက်သုံးဆီ ဈေးတက်၊ ဝယ်ရခက်တဲ့ ပြဿနာကို ကြုံနေတာ ရက်ရှည်ဖြစ်လာနေပါတယ်။ ရက်ဆက် စက်သုံးဆီ ဝယ်ရခက်ခဲလာတာနဲ့ နောက်ဆက်တွဲ ဖြစ်လာနေတာကို လူအများ ဘယ်လို ဆက်ရင်ဆိုင်နေကြပါလဲ၊ စက်သုံးဆီဈေးတက်တဲ့ နောက်ဆက်တွဲ ထုတ်လုပ်မှုစရိတ်တက်လာပြီး ကုန်ဈေးနှုန်းတွေပါ လိုက်တက်လာနိုင်တယ် စောင့်ကြည့်သုံးသပ်သူတွေက ထောက်ပြနေကြတဲ့အကြောင်း ကိုဝင်းမင်းက တင်ပြထားပါတယ်။

စက်သုံးဆီလွှဲသူတွေအတွက် သတ်မှတ်ဒေါ်လာဈေးနှုန်းကို စစ်ကောင်စီက ပြီးခဲ့တဲ့အပတ်ကဖျက်သိမ်းပြီး၊ ဓါတ်ဆီဈေး တက်လာတာက အခုတပတ်တော့ ဝယ်ရခက်တဲ့အဆင့်ထိ ဖြစ်လာပုံကို အမည်မဖော်လိုတဲ့ ရန်ကုန်မြို့နေ အမျိုးသားတဦးက အခုလို ပြောပြပါတယ်။

"ရန်ကုန်မှာဆိုရင်တော့ မနက်အစောကြီး လေးနာရီကျော်လောက် တန်းစီးဝယ်ယူနေရတယ်။ ဆီရတယ်လို့ ထင်ရတဲ့ဆိုင်တွေမှာ ကားတွေရပ်ပြီးတော့ ညဘက်အထိ မပြတ်တမ်းစောင့်နေရတာကို မြင်နေရတာ သုံးရက်လောက်တော့ ရှိပါပြီ။ နောက်တခုက မနက်က ရုံးသွားတော့ အရင်က လေးရာလောက်ပေးရတဲ့ ခရီးကို တက္ကစီခကို တစ်ထောင်၊ ထောင့်ငါးရာကျော်လောက် တက်သွားတာကို သိသိသာသာ မြင်ရတယ်။ ဒီရက်အတွင်းမှာ"

ဒီအခက်အခဲကို တန်းစီးပုံစံမျိုးစုံနဲ့ ဆက်ရင်ဆိုင်နေကြပုံကိုလည်း နောက် အမည်မဖော်လိုတဲ့ ရန်ကုန်မြို့နေသူတဦိးက အခုလိုရှင်းပြပါတယ်။

"ဒီနားကလူတွေက မနက် ငါးနာရီပေးမယ့် ဓါတ်ဆီဆိုင်ရှေ့မှာ ညကတည်းကနေ ကားကိုရပ်ထားပေးတယ်။ မနက်လေးနာရီလောက်မှ ပြန်လာပြီးမှ ဓါတ်ဆီကို ယူတာပေါ့။ အဲဒီနည်းကတော့ လက်ရှိအခြေအနေမျိုးမှာ ဆီရဖို့ လုပ်နည်းတခုပေါ့။ နောက်ထပ် တခြားလူတွေ ဘယ်လိုလုပ်လဲဆိုတော့ မနက်လေးနာရီလောက် ထပြီးတော့ ဆီတန်းစီးတာမျိုးတွေ ရှိတယ်။ သူတို့ဆို ဆီတန်းစီးကျချိန် လေးနာရီလောက်ထပြီး တန်းစီးကြတယ်လို့ ပြောပါတယ်။"

ဒါ့အပြင် မန္တလေးက အခြေအနေကိုလည်း အမည်မဖော်လိုတဲ့ မြို့နေတဦးက အခုလိုပြောပါတယ်။

"မန္တလေးမှာ ဆီပြဿနာက တော်တော်လေးကို ကြီးတယ်။ တခြားမြို့တွေလိုပဲ ဆီဖြည့်ချင်တယ်ဆိုရင် အကြာကြီးတန်းစီးရတယ်။ အရင်လို ကိုယ်ဖြည့်ချင်တဲ့အချိန်ကို ဖြည့်လို့မရဘူး။ ဆီဆိုင်တွေက သူတို့သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ သတ်မှတ်ထားတဲ့ Limit နဲ့ပဲ ရောင်းပေးတယ်။ ဆိုင်ကယ်တွေဆို အပြည့်ဖြည့်လို့ရတယ်။ ဒါပေမဲ့ အိမ်စီးကားတွေဆိုရင်တော့ ငါးသောင်းဖိုး၊ ကုန်တင်ကားကြီးတွေဆိုရင် အများဆုံး တစ်သိန်းဖိုးလောက်ပဲ ရောင်းပေးတယ်။ နှစ်ခါတန်းစီးလို့လည်း မရဘူး။ တချို့ဆီဆိုင်တွေကြတော့ အများဆုံး နှစ်သောင်းဖိုး၊ သုံးသောင်းဖိုးပဲ ရောင်းပေးတယ်။ တခြားဆီတွေထက် 95 နဲ့ Premier က ပိုပြီးတော့ ဝယ်ရတာ တော်တော်လေးခက်တယ်။ ဆီဆိုင်တွေက အစောကြီးပြတ်သွားတယ်။ တခါတလေ သုံးလေးနာရီလောက် တန်းစီးပြီးတော့ ဆီပြတ်သွားတာမျိုးနဲ့လည်း ကြုံရတယ်။"

ဆီအခက်အခဲ၊ နောက်ထပ်ရင်ဆိုင်နေကြပုံကိုလည်း ရန်ကုန်မြို့နေ အမျိုးသားက အခုလို ဆက်ပြောပါတယ်။

"... ကြိုးပမ်းဖြေရှင်းနေတာကို တွေ့ရတယ်။ အဓိကအားဖြင့် ပြည်သူတွေအချင်းချင်း ဆီရနိုင်တဲ့ နေရာတွေကို အသိပေး ကူညီတာမျိုးတွေ။ ဒီနေ့တွေ့ရတာ - ဥပမာတခုအနေနဲ့ ပြောရမယ်ဆိုရင် စက်ဘီးနဲ့ delivery သမားတယောက်က ဓါတ်ဆီဆိုင်တခုမှာ ကားတန်းစီးနေတဲ့ အခြေအနေကို အခြားလူတွေသိအောင် ဓါတ်ပုံရိုက်ပြီး ... ပြန်ပြီးတော့ ရှယ်လုပ်ထားတာမျိုးကို တွေ့ရတယ်။"

နောက်ထပ် ဆီရဖို့ အခက်အခဲ ဖြစ်နေပုံကိုလည်း ရန်ကုန်မြို့နေသူက အခုလို ဆက်ရှင်းပြပါတယ်။

"အချိန်အကြာကြီး တန်းစီးရတာ ဖြစ်တဲ့အတွက် ကားတန်းစီးနေတုန်းမှာ ဆီကုန်သွားတဲ့လူတွေက တန်းစီးတဲ့နေရာကနေ ထွက်ပြီးတော့ အိမ်ပြန်မောင်းရတာပေါ့။ နောက်ပြီး ရာသီဥတုကလည်းပူတော့ ပင်ပန်းတာပေါ့။ နောက်ပြီးတော့ Aircon ကလည်း မဖွင့်ရဘူး။ ဆီကုန်မှာစိုးလို့။"

မန္တလေးမှာလည်း ဆီဈေးတက်လာတာနဲ့ မှောင်ခို ဖြစ်လာပုံကို မန္တလေးမြို့နေသူက အခုလို ဆက်ပြောပါတယ်။

"ဆီဆိုင်တွေကိုလည်း ကြည့်လိုက်မယ်ဆိုရင် တန်းစီးနေတဲ့ အတန်းရှည်ကြီးပဲ တွေ့ရတယ်။ တခါမှ အဲဒီလိုမျိုး မကြုံဖူးဘူး။ တချို့ဆိုင်တွေကြတော့လည်း ပိတ်ထားတယ်။ တချို့ဆိုင်တွေကြတော့ ဆီက အစောကြီးပြတ်သွားတယ်။ ဆီဈေးက တိုင်ဂီတွေမှာ သွားဖြည့်မယ်ဆိုရင်တော့ 95 ဆိုရင် ၂၆၀၀-၂၇၀၀ ဝန်းကျင်။ 92 ဆိုရင် ၂၆၀၀၊ Premier ဆိုရင် ၂၄၀၀ ပတ်လည်။ ဒီဇယ်ဆီဆိုရင် ၂၃၀၀ ရှိတယ်။ ဒါပေမဲ့ အပြင်မှာလို ထိုင်ရောင်းတဲ့ ဆီသည်တွေကတော့ တစ်လီတာကို ငါးထောင်။ တချို့အပြင်ပေါက်ဈေးကတော့ တစ်လီတာကို ၄၂၀၀ ရှိတယ်။ မတန်းစီးချင်တဲ့လူတွေကြတော့ မှောင်ခိုဈေးနဲ့ ဝယ်သုံးကြတယ်။"

ဒါ့အပြင် ဒီဇယ်ဈေး ဆက်တက်လာတာနဲ့ ရိုက်ခတ်နိုင်မှုကိုလည်း ရန်ကုန်မြို့နေ အမျိုးသားက အခုလို ထောက်ပြပါတယ်။

"ဆီဈေးက တစ်ဂါလံကို ၁၈၀၀၀ နဲ့ အပြင်မှာ ရောင်းနေဝယ်နေကြတာကို ကြားသိရတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲဆိုရင်လည်း အသေးစားလုပ်ငန်းတွေအပေါ် ကြီးကြီးမားမား ရိုက်ခတ်မှု ရှိတာကို မြင်ရတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ရန်ကုန်မှာ မြို့နယ်အများမှာ မီးမမှန်ဘူး။ မီးပျက်တဲ့အချိန်တွေမှာ ဒီလုပ်ငန်းတွေက မီးစက်ကို အားပြုပြီး လည်ပတ်နေကြတယ်။ အခုကြတော့ မီးစက်အတွက် ဆီဈေးက တဟုန်ထိုးတက်နေပြီး၊ ကူလို့မရတဲ့ အခြေအနေကြောင့် အသေးစားလုပ်ငန်းတွေလည်း အရှုံးခံနေရတာကို သိသိသာသာမြင်ရတယ်။"

ဒီအပေါ် ရန်ကုန်မြို့နေသူကလည်း အခုလို စိုးရိမ်တာနဲ့ မျှော်လင့်တာကို ဆက်ရှင်းပြပါတယ်။

"စက်သုံးဆီ တက်ရင်တော့ သူနဲ့ဆက်စပ်နေတဲ့ ကုန်ဈေးနှုန်းတွေလည်း တက်မယ်လို့ ထင်ပါတယ်။ လိုအပ်နေတဲ့ စက်သုံးဆီအတွက် နိုင်ငံခြားငွေကို နိုင်ငံခြားမှာ လုံးလုံးနေတဲ့ နိုင်ငံသားတွေက ပြန်လွှဲရမယ့် နိုင်ငံခြားငွေနဲ့ Export ပို့တဲ့အတွက် Export တွေပေါ် မူတည်ပြီးတော့ တိုင်းပြည်ထဲကို ... လမ်းကြောင်းတွေတော့ ရှိပါတယ်။"

မန္တလေးမှာ နောက်ဆုံးကြုံနေရတဲ့ အခက်အခဲကိုလည်း မန္တလေးမြို့သူက အခုလိုဆက်ထောက်ပြပါတယ်။

"အခုဆိုရင် အလုပ်ကပြန်လာရင် မနားရဘူး။ ဘယ်ဆိုင်မှာများ ဆီရမလဲလို့ လိုက်ရှာပြီး တန်းစီးရတယ်။ ဒီမှာ မီးကလည်း ခဏခဏ ပြတ်တယ်။ ဆီတွေကလည်း ဝယ်ရခက်တဲ့အခါမှာ တော်တော်လေးကို အခက်အခဲ ဖြစ်တယ်။ တချို့လုပ်ငန်းတွေဆိုရင် နားတောင်နားထားရတယ်။ ကုန်တင်ကားမောင်းတဲ့လူတွေဆိုရင်။ တချို့ဆိုင်တွေကတော့ အရင်လို မီးစက်လည်း မမောင်းနိုင်တော့ဘူး။ မီးသီးလုံးလေးနဲ့ပဲ လည်ပတ်နေရတယ်။"

ဒါပေမဲ့ ဒီရိုက်ခတ်မှု ကြီးလာနိုင်တာကို ရင်ဆိုင်ဖို့တော့ ရန်ကုန်မြို့နေ အမျိုးသားက အခုလိုဆက်ထောက်ပြခဲ့ပါတယ်။

"နောက်ဆုံးအနေနဲ့ ခြုံပြောရမယ်ဆိုရင်တော့ ကာလကြာလာတာနဲ့အမျှ ဆီဈေး အဆမတန်တက်တာရယ်၊ ဆီဝယ်နိုင်မှု ရှားပါးလာတာကြောင့် ပြည်သူတွေ၊ ဝန်ထမ်းတွေအပေါ်ကိုတော့ အဘက်ဘက်ကနေ ပိုပြီးတော့ ရိုက်ခတ်မှုတွေ များလာမယ်လို့တော့ မြင်မိပါတယ်။"

တကယ်တော့ ဆီဈေးတက်ဂယက်ကို မဖြေရှင်းနိုင်ရင်တော့ စီးပွားလူမှုဂယက် အများကြီးဆက်ကြီးလာနိုင်တယ်လို့ သုံးသပ်သူတွေက စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG