သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်သုံးဆီ ရှားပါးမှုကြောင့် အငှားယာဉ်လုပ်ငန်းတွေ အခက်ကြုံ


ရန်ကုန်မြို့မှာ လောင်စာဆီထည့်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ မော်တော်ယာဉ်များ (ဩဂုတ် ၁၃၊ ၂၀၂၄)
ရန်ကုန်မြို့မှာ လောင်စာဆီထည့်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ မော်တော်ယာဉ်များ (ဩဂုတ် ၁၃၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ စက်သုံးဆီ၊ အထူးသဖြင့် အောက်တိန်းဓာတ်ဆီ ရှားပါးမှုတွေ သီတင်းပတ်နဲ့ချီ ကြုံနေရတာကြောင့် အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း အများဆုံးရှိတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့မှာ ဆိုရင်လည်း စက်သုံးဆီ ပြတ်လတ်မှုကြောင့် လုပ်ငန်းတွေ ရပ်လုနီးပါး ဖြစ်နေတယ်လို့ ပြောကြပါတယ်။ စက်သုံးဆီလိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုငြိမ်းချမ်း တင်ပြထားပါတယ်။

စက်သုံးဆီ ရှားပါးမှုတွေ သီတင်းပတ်နဲ့ချီ ကြုံခဲ့ရပြီးနောက် ဒီကနေ့ဆိုရင် ရန်ကုန်မြို့မှာ အိမ်စီးကားနဲ့ အငှားယာဉ် သိသိသာသာ လျော့သွားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စက်သုံးဆီဆိုင်တွေမှာ ဆိုရင်လည်း ဆီရဖို့ အလုအယက် ကြိုးစားနေရတယ်လို့ ရန်ကုန်အငှားယာဉ်မောင်းများအသင်းရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

" အရင်လိုမဟုတ်တော့ဘူး အခုက ဆီမပေးလည်း တန်းစီထားတာ အစီး၂၀၀-၃၀၀ က။ တချို့လည်း ညအိပ်စောင့်တယ် ပြန်ကိုမပြန်တော့ဘူး။ သဘောတရားက တက္ကစီယာဉ် ၁၀စီးရှိရင် ၅စီးက ဆိုင်တွေမှာဖြစ်ကုန်ပြီ။ အခုကျနော်တို့တောင် တပိုင်းဆွဲတယ်၊ လာတန်းစီတယ်။ ဒီနေ့အဖို့တော့ ရဖို့အလားအလာရှိတယ် အခုကျနော်က သာကေတနယ်မြေထဲမှာ။ ကျနော်စီတုန်းက ရုပ်ရှင်ရုံ၊ အခု ထူပါရုံရောက်၊ အနော်မာရောက်နေပြီ။ တချို့ဆို ၂ပတ် ပတ်နေရတာ။ ကားတန်းတောင် တပတ်ပတ်ပြီးသွားပြီ အဲပုံစံကြီးတွေ။ သုဝဏ္ဏပန်းခြံနားက Max ဆိုင်ဆို ကျောက်တိုင်ဘက်တောင်ရောက်တယ် ကားတန်းစီတာ။ ပထမတခါဖြစ်တာ ဒီလောက်မဆိုးဘူး တန်းမစီကြဘူး၊ အခုက တော်တော်ဆိုးတာ။"

ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားကန်ဘေးက ဆီဆိုင်မှာ ဆီရဖို့တန်းစီနေတဲ့ ကားတန်းက အင်းလျားကန်တပတ် ရှိကြောင်း တက္ကစီယာဉ်မောင်းတချို့က ပြောပါတယ်။ မန္တလေးမြို့ပေါ်မှာလည်း ပြင်ပဓာတ်ဆီကို ဝယ်ထည့်ရမယ်ဆိုရင် တလီတာကို ကျပ် ၈,၀၀၀ နဲ့ ၁၀,၀၀၀ ကြား ဖြစ်ကြောင်း အငှားယာဉ်လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

" အခုဒီမှာ (မန္တလေးမှာ) ဘာဖြစ်နေလဲဆိုတော့ ခရီးသည်တွေ အော်ဒါဝင်တယ်၊ ရန်ကုန်သွားချင်တာဆိုတော့ ဒီကနေဆီက ၂ရက်လောက် ကြိုထည့်ရမှာ။ ပြီးရင် ဟိုမှာ ရန်ကုန်မှာလည်း ဆီကပြတ်နေတယ်တဲ့ ရန်ကုန်က ကားဆရာတွေ ပြောပြတာ၊ ရန်ကုန်မှာ ဆီရဖို့မလွယ်ဘူးတဲ့ မလာနဲ့ဆိုလို့ ရန်ကုန်တောင် မသွားရဲဘူးဖြစ်နေတာ။ အခု တက္ကစီဆရာတွေက ဘာတွေပြောလဲဆိုတော့ ဆီထုတ်စားမယ်၊ ဆီထုတ်မစားပါနဲ့ဗျာ လူတွေက ဆီထုတ်စားရင် ပိုခက်ခဲသွားလိမ့်မယ်လို့ မနည်းပြောနေရတယ်။"

သဘာဝဓာတ်ငွေ့သုံး CNG အငှားယာဉ်တွေ၊ ဘတ်စ်ကားတွေကိုတော့ ဆိုင်တွေက ဒီဇယ်မီးစက်တွေသုံးပြီး ဓာတ်ငွေ့ဖြည့်ပေးရပါတယ်။ ဒီနေရာတွေမှာပါ ဝန်ဆောင်မှု မပေးနိုင်တော့ဘူး ဆိုရင်တော့ မြို့ပေါ်က ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသွားနိုင်တယ်လို့ အများစုက ခန့်မှန်းထားပါတယ်။

စစ်ကောင်စီကတော့ မကြာသေးခင်က ရေဘေးကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲကြား ပြတ်လတ်မှုတချို့ ရှိပေမဲ့၊ စက်သုံးဆီ အလုံအလောက် ရှိတယ်လို့ အစောပိုင်းမှာ ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း စစ်ကောင်စီမှာ နိုင်ငံခြားငွေ မလုံလောက်တာကြောင့် လောင်စာဆီ ဝယ်ယူတင်သွင်းဖို့ အခက်ကြုံနေရတာဟာ စက်သုံးဆီရှားပါးရတဲ့ အကြောင်းရင်းတွေထဲမှာ တခုအပါအဝင် ဖြစ်တယ်လို့ အကဲခတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG