သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ဂျပန်ကြား ကာကွယ်ရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်မည်


ဂျပန်ဝန်ကြီးချုပ် Fumio Kishida
ဂျပန်ဝန်ကြီးချုပ် Fumio Kishida

[[Zawgyi/Unicode]]

ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆံရေး ပိုခိုင်မာအောင်လုပ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ကတိပြုလိုက်ပါတယ်။

ဒေသတွင်း တင်းမာမှုတွေတိုးနေချိန် ဂျပန်ရဲ့ကာကွယ်ရေးဆိုင်ရာမူဝါဒသစ်အရ အမေရိကန်နဲ့ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲပြီးနောက် ကိုယ့်ကိုကိုယ်ခုခံဖို့သာဖြစ်ရမယ်ဆိုတဲ့ ဂျပန်ရဲ့ကာကွယ်ရေးဆိုင်ရာမူဝါဒကို ၂၀၂၂ ၊ ဒီဇင်ဘာလမှာ ဂျပန်က လုံးဝပြောင်းလဲပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဂျပန်ရဲ့လုံခြုံရေးနဲ့ ကာကွယ်ရေးမူဝါဒသစ်အရ အမေရိကန် ဂျပန်ဆက်ဆံရေး အရေးကြီးတယ်ဆိုတာ ပြသဖို့ အမေရိကန်သွားပြီး သမ္မတ Joe Biden နဲ့တွေ့ဆုံမှာဖြစ်ပြီး ၂ နိုင်ငံ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ဖြစ်တယ်လို့ ဝန်ကြီးချုပ် Kishida က ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့လုံခြုံရေးနဲ့သံတမန်ရေးအတွက် ဂျပန်နဲ့အမေရိကန်ဟာ အရင်ထက် ပိုပြီး ပိုမိုခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးရှိတယ်ဆိုတာ ကမ္ဘာကို ပြသမှာဖြစ်ကြောင်းနဲ့ အင်ဒိုပစိဖိတ်ဒေသ ပွင့်လင်းလွတ်လပ်မှုရှိရေးအတွက် နောက်ထပ်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ ပြသမှာဖြစ်တယ်လို့လည်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ကာကွယ်ရေးမူဝါဒသစ်အရ အမေရိကန်လုပ် Tomahawk နဲ့ တာဝေးပစ် ပဲ့ထိန်းဒုံး ရာနဲ့ချီကို ဝယ်ယူမယ့်အစီအစဉ်ပါဝင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ထိုင်ဝမ်ကျွန်းဒေသအပေါ် တရုတ်တို့စစ်ရေးအရ တိုက်ခိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားနေချိန်မှာ ထိုင်ဝမ်ကိစ္စကိုလည်း အမေရိကန်နဲ့ ဂျပန်ခေါင်းဆောင်တွေ ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

လာမယ့်တနင်္လာနေ့က စပြီး အမေရိကန်အပါအဝင် G-7 အဖွဲ့ဝင်နိုင်ငံတွေဆီ ဂျပန်ဝန်ကြီးချုပ် လှည့်လည်သွားရောက်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံက ဒီနှစ်အတွက် G-7 ထိပ်သီးညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=====================


[[Unicode]]







XS
SM
MD
LG