သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး ပြန်ကောင်းအောင်လုပ်ဖို့ G-20 ကတိပြု


ပြင်သစ်နိုင်ငံမှာကျင်းပနေတဲ့ G-20 ထိပ်သီးအစည်းအဝေး တက်ရောက်နေကြသည့် ကမ္ဘာ့ခေါင်းဆောင်များ (နိုဝင်ဘာလ ၃၊ ၂၀၁၁)

G-20 ခေါ် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးစနိုင်ငံ ၂၀ တို့ရဲ့ ခေါင်းဆောင်တွေက နိုင်ငံတကာ စီးပွားရေး ဖွံ့ဖြိုးမှု ပြန်လည်ရှင်သန်လာဖို့နဲ့ ကမ္ဘာတ၀ှမ်း အလုပ်လက်မဲ့နှုန်းတိုးလာတာကို ကူညီဖြေရှင်း ပေးဖို့အတွက် ကတိတွေ ပေးခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံမှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ ထိပ်သီးညီလာခံတွင်း G-20 ခေါင်းဆောင်တွေက လူမှုရေးအရ အားလုံးပါဝင်နိုင်မှုကို ထောက်ခံအားပေးပြီး ဈေးကွက်ဖွင့် စီးပွားရေးဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဆောင်ရွက်ဖို့လည်း ကတိပေးခဲ့ကြပါတယ်။

ဂရိနိုင်ငံက ငွေကြေးကယ်ဆယ်ရေး အစီအစဉ်ပါ လိုက်နာရမယ့်အချက်တွေကို လက်ခံဖို့အတွက် တွန့်ဆုတ်ခဲ့မှုဟာ ၂ ရက်ကြာ ညီလာခံတွင်း ဦးစားပေးဆွေးနွေးမှု ဖြစ်ခဲ့ပြီး G-20 ခေါင်းဆောင်တွေက ဂရိနိုင်ငံနည်းတူ အီတလီနိုင်ငံကလည်း လိုက်ပြီး ကြွေးမြီပြဿနာ ရင်ဆိုင်ရမယ့်အခြေအနေ မဆိုက်စေဖို့ သတိထားဖို့ အီးယူခေါင်းဆောင်တွေကို နိုးဆော်ခဲ့ပါတယ်။

ပူတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ G-20 ခေါင်းဆောင်တွေက ငွေကြေးတည်ငြိမ်မှု ပြန်ရစေမယ့် ယူရိုဇုံ ရဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ်ကို ချီးကျူးလိုက်ပါတယ်။ ထိပ်သီးညီလာခံကို အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပြင်သစ်သမ္မတ နီကိုးလက်ဆာကိုဇီ က ဥရောပရဲ့ အဓိက စီးပွားရေးအင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ ပြင်သစ်နဲ့ ဂျာမဏီ တို့ဟာ ဥရောပရဲ့ ညီညွတ်မှုနဲ့ ယူရိုငွေကြေးကို အကာအကွယ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဘရက်အိုဘားမားက ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာ စီးပွားရေးတည်ငြိမ်စေဖို့ စောင့်ရှောက်ရာမှာ အရေးကြီးတဲ့ တိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ ဥရောပရဲ့ ကြွေးမြီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပိုပြီးကြိုးစားရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

XS
SM
MD
LG