G-20 စက်မှုထွန်းကား နိုင်ငံ ၂၀ အနေနဲ့ စီးပွားရေးမှာ မျှတအောင်နဲ့ ရေရှည်ခံတဲ့ တိုးတက်မှုတွေဖြစ်စေမယ့် စီးပွားရေးမူဝါဒတွေကို လုပ်သွားကြဖို့ အမေရိကန်နဲ့ EU ဥရောပ သမဂ္ဂဝင်နိုင်ငံတွေက ဆက်ပြီး တိုက်တွန်းသွားမယ်လို့ အမေရိကန်သမ္မတ ဘရက် အိုဘားမား (Barack Obama) က ပြောပါတယ်။ ဈေးကွက်ပေါ်မူတည်ပြီး ငွေကြေးတန်ဖိုးတွေ ရှိသင့်တယ်ဆိုတဲ့အချက်ကို နှစ်ဖက်လုံးက ထပ်မံ အတည်ပြုခဲ့တယ်လို့ ပေါ်တူဂီနိုင်ငံ လစ်ဘွန်း (Lisbon) မြို့မှာ EU ခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး သမ္မတအိုဘားမားက စနေနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။
လစ်ဘွန်းမှာ နေတိုးအဖွဲ့ ထိပ်သီးစည်းဝေးပွဲ ဘေးထွက်အဖြစ် သမ္မတအိုဘားမားဟာ ဥရာပကောင်စီ ဥက္ကဌ ဟာမန် ဗန် ရွန်ပေ (Herman Van Rompay)၊ ဥရောပကော်မရှင် ဥက္ကဌ ဟိုဆေး မန်နျူရယ် ဘာရိုဆို (Jose Manuel Barroso) တို့နဲ့ တွေ့ဆုံခဲ့ကြတာလဲ ဖြစ်ပါတယ်။ စီးပွားရေး အဓိကကျတဲ့နိုင်ငံတွေ အနေနဲ့ ငွေကြေးတန်ဖိုးတွေကို ကုန်သွယ်ရေးအသာရဖို့ တန်ဖိုးချ မထားသင့်ဘူးလို့ G-20 ခေါင်းဆောင်တွေ သဘောတူခဲ့ပြီးနောက်မှာ အမေရိကန်နဲ့ EU ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံက ယွမ်ငွေတန်ဖိုး ချထားတဲ့အတွက် အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ တရုတ်က အကျိုးအမြတ်တွေ အများကြီးရနေတာလို့ အမေရိကန်က တရုတ်ကို အဓိကထား စွပ်စွဲနေတာဖြစ်ပါတယ်။ စီးပွားရေးအပြင် ခေါင်းဆောင် ၃ ယောက်ဟာ လုံခြုံရေးကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စနဲ့ ကမ္ဘာတဝန်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။