ကမ္ဘာ့စီးပွားရေးနှေးကွေးလာနေတာနဲ့ အမျှ ကုမ္ပဏီကြီးတွေအနေနဲ့ ကမ္ဘာ့စီးပွားရေးကို အထောက်အကူဖြစ်စေဖို့အတွက် သူတို့အနေနဲ့ ပေးသင့်ပေးထိုက်တာတွေကို ပေးဖို့လိုအပ်နေတယ်လို့ ဂျပန်နိုင်ငံ Fukuoka မြို့မှာပြုလုပ်နေတဲ့ G-20 လို့ခေါ်တဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီးအဖွဲ့ဝင်နိုင်ငံများရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ဒီကနေ့ သဘောတူလိုက်ကြပါတယ်။
ဒီရာစုနှစ်ရဲ့ အရေးပါဆုံးပြောင်းလဲမှုလို့ဆိုတဲ့ ဒီပြုပြင်ပြောင်းလဲမှုကြောင့် ကြီးကြီးမားမားဆုံးရှုံးတဲ့သူရှိမှာ မဟုတ်ဘူးလို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီး Taro Aso က ပြောပါတယ်။
G-20 ဘဏ္ဍာရေးဝန်ကြီးတွေဟာ အခွန်မူဝါဒအသစ်တွေ ချမှတ်ဖို့အတွက် ချိန်နေကြတာဖြစ်ပြီး အဲဒီ အခွန်မူဝါဒသစ်အရ စီးပွားရေးကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ရုံးချုပ်တည်ရှိတဲ့နိုင်ငံမှာမဟုတ်ဘဲ သူတို့စီးပွားရေးလုပ်နေတဲ့နိုင်ငံမှာ ငွေကြေးပမာဏ ဘယ်လောက်အတိုင်းအတာအထိ လုပ်တဲ့အပေါ်မှာ မူတည်ပြီး ကောက်ခံသွားဖို့ ဖြစ်ပါတယ်။
ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေကြားမှာတော့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီး သဘောထားတွေနဲ့ ကွဲလွဲနေပေမယ့်လည်း လက်ရှိရှိနေတဲ့ အခွန်စနစ်ကို ပြန်ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတာကိုတော့ သူတို့ အားလုံး သဘောတူကြပါတယ်။
G-20 အဖွဲ့က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ချုပ်ကို နိုင်ငံတကာအခွန်စနစ်ကို ပြင်ဖို့အတွက် တာဝန်ပေးထားတာ ဖြစ်ပါတယ်။ လက်ရှိရှိနေတဲ့ နိုင်ငံတကာအခွန်စနစ်အရ Facebook နဲ့ Amazon တို့လို နည်းပညာကုမ္ပဏီကြီးတွေဟာ အိုင်ယာလန်လို အခွန်နည်းနည်းပဲ ပေးရတဲ့နိုင်ငံတွေ နဲ့ တချို့နိုင်ငံတွေမှာ အခွန်မပေးရဘဲ အမြတ်အစွန်းတွေ အများကြီးရနေတာ ဖြစ်ပါတယ်။