သုံးရလွယ်ကူစေသည့် Link များ

ယူကရိန်းအရေး ရုရှားအပေါ် အရေးယူရေး G-7 သဘောတူ


ယူကရိန်းဝန်ကြီးချုပ် Arseniy Yatsenyuk နဲ့ ပုပ်ရဟန်းမင်းကြီး Francis Vatican မှာ တွေ့ဆုံစဉ်။ (ဧပြီလ ၂၆၊ ၂၀၁၄)
ယူကရိန်းနဲ့ပတ်သက်တဲ့ ရုရှားနိုင်ငံရဲ့ ဆောင်ရွက်မှုတွေကြောင့် ရုရှားအပေါ် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ မြန်မြန်လုပ်သွားဖို့ G-7 ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံက သဘောတူခဲ့ကြပါတယ်။

ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေကို တိုးမြှင့်လုပ်သွားမယ်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတို့က သောကြာနေ့က ပူးတွဲ
ကြေညာချက်ထုတ်ပြန်ခဲ့ကြတာပါ။ ရုရှားလုပ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန်က သူ့ရဲ့မိတ်ဖက်နိုင်ငံတွေနဲ့ အနီးကပ် ဆွေးနွေးဆောင်ရွက်နေတယ် ဆိုတာကို အာရှခရီးစဉ်အတွင်း သမ္မတ Barck Obama က ခုလို ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ဆောင်ရွက်မှုတွေကို တားဆီးနိုင်ဖို့၊ ယူကရိန်းကို ထောက်ခံမှု ပြသဖို့နဲ့ ပြဿနာကို သံတမန်ရေးနည်းနဲ့ ဖြေရှင်းကြဖို့အတွက် ဥရောပတွေရော အမေရိကန်ကပါ အရေးယူဒဏ်ခတ်မှုတွေ တိုးမြှင့်ဖို့ကိစ္စအပေါ် သဘောထားတသမတ်တည်း ရှိတယ်လို့ သမ္မတအိုဘားမား ပြောသွားတာဖြစ်ပါတယ်။

အစောဆုံး တနင်္လာနေ့မှာ အရေးယူမှုတွေ စတင်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတယောက်က ပြောပါတယ်။ တချိန်တည်းမှာပဲ နေတိုးရဲ့
သူလျှိုတွေလို့ ဆိုပြီး ရုရှားလိုလားသူတွေဖမ်းဆီးထားတဲ့ နိုင်ငံတကာ စစ်ရေးလေ့လာသူအဖွဲ့ လွတ်မြောက်လာဖို့ ရုရှား က ကူညီမယ်လို့
ကတိပေးခဲ့ပါတယ်။

Austria နိုင်ငံအခြေစိုက် ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE က လေ့လာသူ ၁၂ ယောက်ကျော်ပါတဲ့ ကားကို Slovyansk မြို့နားမှာ ခွဲထွက်ရေးလိုလားသူတွေက သောကြာနေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လေ့လာသူအားလုံး လွတ်မြောက်လာရေးအတွက် ရုရှားနိုင်ငံက လိုအပ်တဲ့ ဆောင်ရွက်ချက်တွေအားလုံးလုပ်ပါမယ်လို့ OSCE ဆိုင်ရာ
ရုရှား သံတမန်က ဒီကနေ့ စနေနေ့မှာ ပြောကြားပါတယ်။
တခါ ရုရှား စစ်လေယာဉ်တွေဟာ ယူကရိန်းလေကြောင်းပိုင်နက်ထဲကို ညလုံးပေါက် ၇ ခေါက် ဝင်ရောက်ပျံသန်းခဲ့ပြီး လေကြောင်းပိုင်နက် စည်းကို ဖေါက်ဖျက်ခဲ့တယ်လို့ ဝန်ကြီးချုပ် Arseniy Yatsenyuk က ပြောပါတယ်။ ကမ္ဘာကြီးရဲ့ လုံခြုံရေးကိုလျှော့တွက်တဲ့ ရုရှားရဲ့ ရန်လိုတဲ့လုပ်ရပ်ဖြစ်တယ်လို့ အီတလီနိုင်ငံမှာ ရောက်နေတဲ့ ဝန်ကြီးချုပ်က သတင်းထောက်တွေကို ဒီကနေ့ ပြောခဲ့တာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis နဲ့တွေ့ဆုံစဉ်မှာတော့ ပုပ်ရဟန်းမင်းကြီးက ယူကရိန်းနိုင်ငံငြိမ်းချမ်းရေးအတွက် ဖြစ်နိုင်သမျှအားလုံးကို လုပ်ပေးမယ်လို့ ဝန်ကြီးချုပ် Yatsenyuk ကိုပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG